အသက် (၁၈)နှစ်အရွယ် လူဖြူကောင်လေးက လူမည်းရပ်ကွက်ကို သေနတ်ဖြင့်ဝင်ပစ်၍ ၁၀ ဦးသေဆုံး

0
630
ပုံစာ - သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် လူငယ်

အမေရိကန်ပြည်ထောင်စု နယူးယောက်တွင် အသက် (၁၈)နှစ်အရွယ် လူဖြူကောင်လေးက နယူးယောက်မြို့ လူမည်းများနေထိုင်ရာ ရပ်ကွက်သို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် လူ (၁၀)ဦး သေဆုံး ရပြီး လူမျိုးရေး မုန်းတီး တိုက်ခိုက်မှုဟု အာဏာပိုင်များက ဆိုသည်။

ဘက်ဖလိုးမြို့နယ် ဈေးဝယ်စင်တာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ပေတန်ဂန်ဒရွန် ဆိုသည့် အဆိုပါ လူငယ် အဖမ်းခံလိုက်ရသည်။

တရားခံဟု သတ်မှတ်ခံရသူသည် စနေနေ့လည်ခင်းက ဈေးဝယ်စင်တာထဲကို ဝင်ရောက်လာပြီး သေနတ်ထုတ်ကာ လိုက်ပစ်ခြင်း ဖြစ်သည်။

၎င်းသည် သွားလာနေကြသူများကို လိုက်လံပစ်ခတ်နေစဉ် အွန်လိုင်းမှနေ၍ Live လွှင့်ခဲ့သေးသည်။

ရွံစရာလုပ်ရပ်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်ကို ကျွန်တော်တို့က အမုန်းကြောင့်ဖြစ်တဲ့ ရာဇဝတ်မှုအဖြစ်ရယ်၊ လူမျိုးရေးအကြမ်းဖက် အစွန်းရောက် ဖြစ်စဉ်ရယ်အဖြစ် သတ်မှတ်စုံစမ်းနေပါတယ်” ဟု ဘတ်ဖလိုးမြို့နယ် FBI ရုံးမှ စတီဖန်ဘီလွန်ဂီယာ က ပြောကြားသည်။

အကြမ်းဖက်သမားလူဖြူလူငယ်သည် ပြစ်မှုကျူးလွန်နေစဉ် လူမျိုးရေးထိပါး ပြောဆိုမှုများ ဟစ်အော်ခဲ့သည်ဟု CBS သတင်းက ဖော်ပြထားသည်။

၎င်း၏ လူမှုကွန်ရက်တွင်လည်း လူမျိုးရေးခွဲခြားသော စကားများ၊ အတွေးအခေါ်များကို တင်ထားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်လာသောအခါ အကြမ်းဖက်သမားလူငယ်က လက်နက်ချခဲ့သဖြင့် ၎င်းကို ဖမ်းဆီးသွားခဲ့သည်။