ထားဝယ်မြို့ ကျောက်မဲတောင်တွင် တိုက်ပွဲဖြစ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်

0
676

ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာအနီးတွင် ယနေ့ (မေ ၁၄) နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ကျောက်မဲတောင်နယ်မြေရဲစန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မနေ့ညပိုင်းတည်းက လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်း ၇ နာရီကျော်နှင့် ၈ နာရီ ၅၁ မိနစ်ခန့်တို့တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည့် အသံများကြားရကြောင်း ဒေသခံအချို့ကပြောသည်။

“ပစ်တာကတော့ ညကတည်းက လက်နက်ကြီးသံတွေ ကြားနေတယ်။ ကျွန်တော်လည်း တိုက်ပွဲဖြစ်မယ်ထင်လို့ တစ်နာရီကျော်ကပဲ ရွာကနေထွက်လာခဲ့တာ” ဟု ကျောက်မဲတောင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မနေ့ည ၁၀ နာရီခွဲခန့်တွင် ကျောက်မဲတောင်နယ်မြေရဲစခန်းမှ လက်နက်ကြီး သုံးလုံးပစ်သံကြားခဲ့ရပြီး ယနေ့ နံနက်ပိုင်း ၇ နာရီကျော်ခန့်တွင်လည်း လက်နက်ကြီး ၁၀ လုံးခန့်နှင့် လက်နက်ငယ်ပစ်သံများ ကြားရကြောင်း ကျောက်မဲတောင်ကျေးရွာမှ အသက် ၁၈ နှစ်ခန့်ရှိသည့် လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

“တော်တော်ကြမ်းတယ်။ မြေကြီးပါတုန်တာ ကြောက်လို့သေတော့မယ်။ ခုမနက်မှာလည်း ၁၀ လုံးကျော်နေပြီ။ ကျည်ဆန်တောင် အနားက ဖြတ်သွားသေးတယ်” ဟု ဒေသံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမည့် အနေအထားရှိနေသဖြင့် ယနေ့ နံနက်ပိုင်းကတည်းက ထားဝယ်-မေတ္တာ-ထီးခီးလမ်းပိုင်းတွင် သွားလာနေသည့် ယာဉ်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက တားဆီးကာ နောက်ကြောင်းပြန်လှည့်ခိုင်းနေကြောင်း ခရီးသွားများကဆိုသည်။

ကင်ပွန်းချုံးရွာအနီးတွင် မေလ ၁၀ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးကတည်းက ရွာတွင် မနေရဲသည့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကျောက်မဲတောင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းဒေသတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သော DDT (ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၊ EDF (အရှေ့တောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) နှင့် KNDO (ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်းလှုပ်ရှားနေခြင်းဖြစ်သည်။