မြိတ်ဒေသထွက် ကဏန်းမဲဈေးထိုးကျ

0
295
ဓါတ်ပုံ - မြိတ်ရှိ ကဏန်းအဝယ်ဒိုင်တစ်ခု။

တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်ဂိတ် ပိတ်ထားသည့်အတွက် မြိတ်ဒေသထွက် ကဏန်းမဲဈေး ထိုးကျကြောင်း ကဏန်းအဝယ်ဒိုင်များနှင့် ရောင်းချသူများထံမှ သိရသည်။

ကိုဗစ်မဖြစ်ခင်က ကဏန်းမဲ နံပါတ် ၁ ဆိုဒ် တစ်ပိဿာ ကျပ်နှစ်သောင်းရှစ်ထောင်အထိ ဈေးပေါက်ခဲ့ပြီးနောက် ကိုဗစ်တတိယလှိုင်း ၂၀၂၁ ခုနှစ် ဩဂုတ်၊ စက်တင်ဘာလတို့တွင် တစ်ပိဿာ ကျပ်တစ်သောင်းရှစ်ထောင်သို့ ကျဆင်းခဲ့သည်။

ယင်းနောက် လက်ရှိအချိန်တွင် တစ်ပိဿာကျပ် ကိုးထောင်သာ ဈေးရှိတော့ကြောင်း မြိတ်မြို့ရှိ ကဏန်းအဝယ်ဒိုင် လုပ်ငန်းလုပ်သူများက ပြောသည်။

“ကဏန်းဈေးက သုံးစားလို့တောင် မရတော့ဘူး။ တရုတ်ကလည်းပိတ်။ ဗမာမောတောင်ဂိတ်ကလည်းပိတ်။ ကော့သောင်းလမ်းကလည်း ကုန်းတစ်တန်ရေတစ်တန်ဆိုတော့ ကဏန်းတွေသေပြီး ဆုံးရှုံးမှုများတယ်” ဟု မြိတ်မြို့၊ မြို့သစ်ရပ်မှ အဝယ်ဒိုင်လုပ်ငန်းလုပ်သူက ပြောသည်။

စစ်ရေးအခြေအနေကြောင့် တနင်္သာရီမြို့နယ်ရှိ ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ် ပိတ်ထားသည်မှာ တစ်လနီးပါးကြာလာပြီဖြစ်ကြောင်း ကုန်ကားမောင်းသူများထံမှ သိရသည်။

ယင်းကြောင့် ရေထွက်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ ရေကြောင်းလမ်းမှသော်လည်းကောင်း၊ မြိတ်-ကော့သောင်း
ပြည်ထောင်စုလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံရနောင်းမြို့သို့ ခက်ခက်ခဲခဲ တင်ပို့နေရသဖြင့် ကုန်ကျစရိတ်ကြီးမြင့်နေ ကြောင်း အဝယ်ဒိုင်များက ဆိုသည်။

မြိတ်မှ မောတောင်နယ်စပ်ဂိတ်သို့ ကားဖြင့်တင်ပို့ရာတွင် လေးနာရီအတွင်း ထိုင်းနိုင်ငံသို့ ရောက်နိုင်သော်လည်း ကော့သောင်းလမ်းမှ တင်ပို့ရာတွင် နှစ်ရက်နီးပါးခန့် ကြာမြင့်ကြောင်း ၎င်းတို့က ပြောပြသည်။

မြိတ်မြို့ရှိကဏန်း မြုံးထောင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်နေသူတစ်ဦးက လုပ်ငန်းအရှုံးပေါ်နေသည်မှာ
လအတန်ကြာလာပြီဖြစ်ပြီး ယင်းလုပ်ငန်းဖြင့် ထမင်းနပ်မှန်ရန်ပင် ခက်ခဲနေကြောင်း ပြောဆိုသည်။

“တခြားဘာပစ္စည်းဝယ်ဝယ် အကုန်ဈေးကြီးပြီး ကိုယ့်ပစ္စည်းက ဈေးကျတယ်။ ကြာရင် ထမင်းတောင် ငတ်မလား မသိဘူး” ဟု ကဏန်းမြုံးထောင်သည့် အလုပ်လုပ်ကိုင်သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ကဏန်းဖမ်းလုပ်ငန်းကို မြိတ်ခရိုင်အတွင်းရှိ ပင်လယ်ကျေးရွာများတွင် နေထိုင်သူအများစုက လုပ်ကိုင်နေကြပြီး
ဒီရေတောနှင့် ချောင်းများ၌ သံမြုံးဖြင့် ဖမ်းသည့် လုပ်ငန်းဖြစ်သည်။

မြိတ်မြို့တွင် ကဏန်းဝယ်ယူကာ ပြည်တွင်းနှင့် ပြည်ပသို့ ပြန်လည်ရောင်းချနေသည့် ကဏန်းမဲအဝယ်ဒိုင် နှစ်ဆယ်နီးပါးရှိပြီး ဒိုင်တစ်ခုလျှင် တစ်လ ကဏန်းပိဿာချိန် လေးထောင်မှ ငါးထောင်ဝန်းကျင်အထိ ဝယ်ယူနေကြောင်း ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။