မြိတ်တွင် ဗုံးပေါက်၊ စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဟုဆို

0
236

 မြိတ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုရှိခဲ့ကြောင်း  မြိတ်ဒေသခံများ ထံမှသိရသည်။

ယနေ့ (မေ ၃) နံနက် ၈ နာရီဝန်းကျင်က  မြိတ်မြို့၊ကမ်းနားလမ်း We Love Myeik ဆိုင်းဘုတ်အနီးတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် We Love Myeik အနီး လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားတစ်ချို့ ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု အငှားယာဉ်မောင်းများ ကပြောဆိုသည်။

“ပေါက်ကွဲတာက အသံတော်တော်ကျယ်တယ် စစ်ကောင်စီတပ်သားတွေထိတယ်လို့ ကြားရတယ် ကျွန်တော်တို့လည်း အနီးကပ်သွားမကြည့်ရဲဘူး”ဟု မျက်မြင် တက္ကစီမောင်းသူ ကပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် ယင်းကမ်းနားလမ်းတစ်လျှောက်လုံးကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကဆိုသည်။

“ပေါက်ကွဲတဲ့အနီးတစ်ဝိုက်ကို ဘယ်သူမှပေးမဝင်တော့ ကျွန်တော်တို့လည်း အတိအကျမသိရဘူး” ဟု ယင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို People Defense Force Myeik အဖွဲက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာ တပ်သားတစ်ချို့ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ၎င်းတို့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် ပြီးခဲ့သည့်အပတ်ကလည်း မြိတ်တောင်ကျေးရွာရှိ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသောင်းအေး နေအိမ်အနီးတွင်လည်း ဖောက်ခွဲမှုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့က ရေးသားထားပြီး မြိတ်သွေးသောက်အဖွဲ့များ၏ ခြိမ်းခြောက်နေသည့် လုပ်ရပ်များကိုလည်း ရပ်တန့်ကရပ်ရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးဒဏ်ရာရမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက်မရရှိသေးပေ။

ဗုံးပေါက်ကွဲသည့်အချိန်တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြိတ်မြို့သို့ရောက်ရှိနေကြောင်း ဒေသခံများကပြောသည်။

ဒုတပ်ချုပ်သည် ယမန်နေ့ကကော့သောင်းခရိုင်သို့ သွားရောက်ခဲ့ပြီးနောက် မြိတ်မြို့တွင် ရောက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

မြိတ်မြို့တွင် ဧပြီလ ၂၃ ရက်နေ့က  အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နေအိမ်အနီး ဗုံးပေါက်ပြီးနောက် မြို့တွင်းမြို့ပြင်များ၌ အဖမ်းအဆီးအစစ်အဆေး များခဲ့ပြီး လူငယ်တစ်ချို့လည်း အဖမ်းခံထားရကြောင်း ဒေသခံများထံမှသိရသည်။

တက္ကစီသမားများ၏ ပြောပြချက်အရ ကမ်းနားလမ်းတစ်လျှောက် ယနေ့နံနက် ၈ နာရီတွင် We Love Myeik အနီးတွင်တစ်လုံး၊ ၈ နာရီခွဲခန့်တွင် ပြည်တော်သာလှေဆိပ်တွင်တစ်လုံးနှင့် ၁၀ နာရီဝန်းကျင်တွင် Sea View Condo အနီးတွင် တစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။