သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာဧရိယာအတွင်း စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

0
877

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအလွန် ကမြိုင်ကျေးရွာ ဧရိယာအဝင် မြိတ်-ထားဝယ် ကားလမ်းပိုင်းတစ်နေရာတွင် ယနေ့နံနက် ၆ နာရီကျော်ခန့်က စစ်ကောင်စီတပ်ကား သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှသိရသည်။

အဆိုပါ စစ်တပ်ကား သုံးစီးမှာ မြိတ်ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သားများ ကားပေါ်မှဆင်း၍ ပစ်ခတ်စဉ် မိုင်းဆွဲတိုက်ခိုက်သူတို့၏ ပြန်လည်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

မိုင်းဆွဲခံရသည့်နေရာအနီးရှိ လမ်းသွားလမ်းလာများကို စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးနေပြီး အနီးဝန်းကျင်ရှိ ရော်ဘာခြံအလုပ်လုပ်ကိုင်သူ အမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင် စစ်ကားသုံးစီးနှင့် ကရိန်းကားတစ်စီးကိုတွေ့ရကြောင်း သရက်ချောင်းမြို့ဘက်မှ ကျွဲမင်းကုန်းရွာကို ပြန်လာသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ကားတစ်စီးကြေသွားတယ်၊ အခုကရိန်းကားနဲ့ လာဆွဲနေတာထင်တယ်၊ မနက်တုန်းက အရေးပေါ်ကားနဲ့တင်ဆောင်သွားတဲ့ လူနာတွေရှိတယ်” ဟု ယင်းအမျိုးသမီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးသဖြင့် မသိရသေးပေ။

စစ်ကောင်စီတပ်သားများက ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတစ်ဝိုက်နှင့် ကျေးရွာများတွင် စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် ဒေသခံများ ရှောင်တိမ်းနေရသည်ဟု ဒေသခံအချို့က ပြောသည်။

ယခုမိုင်းဆွဲတိုက်ခိုက်ခံရသည့် ကမြိုင်ရွာအဝင် လမ်းပိုင်းတွင် လွန်ခဲ့သည့် ငါးလ၊ ခြောက်လခန့်ကလည်း စစ်ကောင်စီတပ်ကားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုးလုံးကျည်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။