မြိတ်ခရိုင်မှ ၅၆ ဦးလွတ် နိုင်ငံရေးအကျဉ်းသားမပါ

0
200
မြိတ်အကျဉ်းထောင်

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြိတ်ခရိုင်မှ အကျဉ်းသား ၅၆ ဦးလွတ်မြောက်သော်လည်း နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းချခံထားရသူများမပါကြောင်း သိရှိရသည်။

မြိတ်ခရိုင်အကျဉ်းထောင်မှ အကျဉ်းသား ၉ ဦးနှင့် အကျဉ်းသူ ၂ ဦးစုစုပေါင်း ၁၁ ဦးလွတ်ငြိမ်းတွင်ပါကြောင်း မြိတ်အကျဉ်းထောင်မှ တာဝန်ရှိသူကပြောသည်။

ယင်းအပြင် မြိတ်မြို့နယ်ကျောက်ဖြူတောင် ကုန်ထုတ်စခန်းမှ အကျဉ်းသား ၂၁ ဦးနှင့် နတ်စင်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၂၄ ဦးလည်း လွတ်ငြိမ်းဖြင့် လွတ်လာကြောင်း မြိတ်ခရိုင်/ပြန်/ဆက် ကထုတ်ပြန်ထားသည်။

ယင်းကြောင့် မြိတ်ခရိုင်မှ ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အကျဉ်းသား ၅၆ ဦးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိအကျဉ်းထောင်များမှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား ၄၂ ဦးကို လွှတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

“ဒီနေ့လွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတော့ မပါပါဘူး ဘယ်လို ပုဒ်မနဲ့ အများဆုံးလွတ်တယ်ဆိုတာကို ကျွန်တော်တို့ ပြောလို့မရဘူး”ဟု ၎င်းကပြောသည်။

မြိတ်အကျဉ်းထောင်အတွင်း နိုင်ငံရေးဖြင့် ချုပ်နှောင်ခြင်း ခံထားရသည့် အကျဉ်းသူ၊ အကျဉ်းသား နှစ်ရာနီးပါးရှိနေသော်လည်း ယနေ့လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများတွင် နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူများ မပါလာကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

လွတ်လာသည့်အထဲတွင် ဆေးမှုနှင့်တပ်ပြေး အများဆုံးဖြစ်ကြောင်း သတင်းများထွက်ပေါ် နေသော်လည်း ယင်းအချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သက်ဆိုင်ရာဌာနကို ဆက်သွယ်မေးမြန်းသော်လည်း မေးမြန်းမရပေ။