လောင်းလုံး ကဒက်ငယ်ထိန်ရွာက လောင်းကစားဝိုင်း သေနတ်ပစ်ဖောက် သတိပေးခံရ

0
267

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာရှိ လောင်းကစားဝိုင်းများအား သေ‌နတ်လေးချက်ပစ်ဖောက်ကာ သတိပေးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်) က ထုတ်ပြန်ထားသည်။

သင်္ကြန်အကြတ်နေ့ ယနေ့ (ဧပြီ ၁၅) ရက် မွန်းလွဲ ၂ နာရီခန့်တွင် သေနတ်ပစ်ဖောက် သတိပေးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကဒက်ငယ်ထိန်ကျေးရွာတွင် ‌အနည်းဆုံး နေရာသုံးခုတွင် ဖဲဝိုင်းလောင်းကစားများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။

ကဒက်ငယ်ထိန်ရွာအစွန် ရမ်းပင်ကြီးနေရာနှင့် ကဒက်ငယ်ထိန် ရွာထဲ နေအိမ်ခြံအတွင်း ပြုလုပ်သည့် ဖဲဝိုင်းနှစ်နေရာရှိကြောင်း ဒေသခံအချို့က ပြောကြားသည်။

ရမ်းပင်ကြီးနေရာတွင်မူ ယခင်ကတည်းက ကျပ်သိန်းဆယ်ချီပြီး ဖဲဝိုင်းထောင်လေ့ရှိကာ PDF အဖွဲ့နှစ်ခုက သတိပေးစာထုတ်ပြီးနောက် ရပ်နားခဲ့ပြီး ယခုသင်္ကြန်အတွင်း ပြန်လည်ပြုလုပ်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သေနတ်သံ သုံးချက်ကြားတာနဲ့ ကြောက်ပြီးပြေးထွက်လာတာ။ ရမ်းပင်ကြီးနေရာမှာက မိန်းကလေး တွေက အစပါတယ်။ ဆယ့်သုံးချပ်၊ ပေါက်ဒင်း သုံးလေးဝိုင်းရှိတယ်” ဟု ယနေ့ သေနတ်ပစ်ဖောက် သတိပေးခံရသည့်အချိန်က ယင်းဖဲဝိုင်းသို့ ရောက်ရှိနေသည့် လူငယ်တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ထားဝယ်ခရိုင်တွင် လောင်းကစားဝိုင်းများ ပေါ်ပေါက်လာပြီး အချို့လောင်းကစားဝိုင်းတို့တွင် ပေါက်ကွဲ၊ ပစ်ခတ်မူများလည်း မကြာခဏ ဖြစ်ပွားခဲ့သည်။

ဧပြီလ ၁၁ ရက်ကလည်း လောင်းလုံးမြို့နယ် ကြက်ယက်တွင်းကျေးရွာတွင် ပြုလုပ်နေသည့် လောင်းကစားဝိုင်းတွင် ပေါက်ကွဲမှု၊ ပစ်ခတ်မူ ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။