ပုလောမြို့နယ်တွင် လူငယ်တစ်ဦး အသတ်ခံရပြီး နှစ်ဦးဖမ်းဆီးခံရ

0
270

ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင်နေထိုင်သည့် လူငယ်တစ်ဦးအသတ်ခံရပြီး လူငယ်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည်ဟု ဒေသခံများ ထံမှသိရသည်။

ဧပြီ ၁၄ ရက်နေ့  ညဦးပိုင်းတွင် စစ်ကောင်စီတပ်က  ကဒဲရွာကားလမ်းမကြီး ဘေးတစ်ဖက်တစ်ချက်၌ရှိသည့် နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး ရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊  လူငယ်တစ်ဦးလည်း အသတ်ခံထားရသည်ကို တွေ့ရကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်ပြန်ထွက်သွားပြီးနောက် လူငယ်တစ်ဦး ပျောက်ဆုံးနေပြီး ယနေ့မနက် လိုက်ရှာရာ သေနတ်ဒဏ်ရာဖြင့် ရွာချောင်းနံဘေးတွင် ပြန်လည်တွေ့ရှိရသည်ဟု ဒေသခံများကပြောသည်။

“ချောင်းရေစပ်မှာ မပေါ်တပေါ်နဲ့ မြှုတ်ထားတာကိုတွေ့လို့ မိသားစုတွေက ဒီကနေ့မနက်ကပဲ မီးသင်္ဂြိုလ်လိုက်ပြီ”ဟု ကဒဲဒေသခံတစ်ဦးကပြောသည်။

အသတ်ခံရသူမှာ အသက် ၂၀ ကျော်ရှိ ကိုအောင်မင်း ဟုသိရပြီး ခေါင်းနှင့်ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာနှစ်ချက်တွေ့ရသည်ဟု ဒေသခံများကပြောသည်။

ကိုအောင်မင်း အသတ်ခံရမှုနှင့်ပတ်သက်သည့် ဖြစ်စဉ်အ‌သေးစိတ်ကို Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် အဖမ်းခံထားရသည့် လူငယ်နှစ်ဦး၏ အခြေအနေကိုလည်းမသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ကဒဲကျေးရွာအနီးတစ်ဝိုက်တွင် ယခုနှစ်စမှစပြီး စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲငယ်များ မကြာခဏဖြစ်လေ့ရှိသည်။

ကဒဲကျေးရွာမှ ရွာသူ၊ရွာသားများမှာ လွန်ခဲ့သည့် ၃ လလောက်ကတည်းကတိုက်ပွဲကြောင့် တိမ်းရှောင်နေကြပြီး ရွာသားအနည်းငယ်သာ နေထိုင်နေကြကြောင်း ရွာသားများထံမှ စုံစမ်းသိရှိရသည်။

ယင်းရွာထိပ်ကားလမ်းမတွင် ယခုလပထမပတ်က စစ်ယာဉ်တန်းမိုင်းဆွဲခံခဲ့ရပြီး စစ်ကောင်စီတပ်သားတစ်ချို့ ဒဏ်ရာရခဲ့ကြောင်း ဒေသခံရွာသားများ ထံမှသိရသည်။