အိုမီခရွန်မျိုးစိတ်ကွဲအသစ်နှစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးစစ်ဆေးနေ

0
719

ဗြိတိန်နိုင်ငံတွင် စစ်ဆေးတွေ့ရှိရသည့် အိုမီခရွန်မျိုးစိတ်ကွဲနှစ်မျိုးဖြစ်သော ဘီအေဖှော (BA.4) နှင့် ဘီအေဖွှိုက် (BA.5)တို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စောင့်ကြည့်စစ်ဆေးမည့် စာရင်းတွင်ထည့်သွင်းလိုက်ပြီဖြစ်သည်။

အိုမီခရွန်မျိုးစိတ်ကွဲအသစ်နှစ်မျိုးသည် ယခင်အိုမီခရွန်မျိုးစိတ်ကွဲများထက် ပို၍ ကူးစက်မှုမြန်သလော၊ ပို၍ အန္တရာယ်ပြုနိုင်သလောဆိုသည်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က စစ်ဆေးနေပြီဖြစ်သည်။ 

ယင်းကိုဗစ်ဗိုင်းရပ်စ်နှစ်မျိုးစလုံးကို ဗြိတိန်နိုင်ငံ စကော့တလန် နှင့် အင်္ဂလန်တို့တွင် စစ်ဆေးတွေ့ရှိထားပြီးဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအေဂျင်စီက အစီရင်ခံစာများကဆိုသည်။ 

ထိုကျန်းမာရေးအေဂျင်စီ၏ ဗိုင်းရပ်စ်မျိုးစိတ်ကွဲကြောင်း ပြီးခဲ့သည်အပတ်က ထွက်ရှိသော အစီရင်ခံစာအရမူ ကျန်းမာရေးအရာရှိများက ထိုမျိုးစိတ်ကွဲများသည် ဇီဝဖြစ်စဉ်အရ ထင်ရှားစွာမျိုးရိုးဗီဇပြောင်းနိုင်ချေ ရှိကြောင်း ဆိုထားသည်။ 

ကမ္ဘာတစ်ဝန်းကိုဗစ်မျိုးကွဲများ ပျံ့နှံ့မှုများကို စောင့်ကြည့်နေကာ မှတ်တမ်းပြုစုနေသည့် GISAID အဖွဲ့ကမူ ကမ္ဘာတစ်ဝန်းတွင် BA.4 နှင့် BA.5 တို့ကူးစက်မှု ဒါဇင်အနည်းငယ်သာရှိသေးကြောင်း ယင်းတို့ထံရောက်လာသည့် အစီအရင်ခံစာများအရသိရသည်ဟုဆိုထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကမူ ယင်းအိုမီခရွန်မျိုးစိတ်ကွဲနှစ်မျိုးကို ခြေရာခံစောင့်ကြည့်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အကြောင်းမှာ ထိုမျိုးစိတ်ကွဲများရှိ မျိုးရိုးဗီဇပြောင်းလဲနိုင်စွမ်း ထပ်ရှိနေခြင်းသည် လူ့ကိုယ်တွင်း ခုခံအားစနစ်ကို ထိုးဖောက်နိုင်လွတ်မြောက်နိုင်ချေ အပေါ် မည်သို့သော အကျိုးသက်ရောက်မှုများရှိသည်ကို ထပ်မံလေ့လာရန်လိုနေသေးခြင်းကြောင့်ဖြစ်ကြောင်း ဆိုထားသည်။ 

တောင်အာဖရိက နှင့် ဘော့စဝါးနားနိုင်ငံများ နှင့် ဒိန်းမတ်နိုင်ငံများတွင်လည်း ထို ဘီအေဖှော နှင့် ဘီအေဖွှိုက်တို့ကို ပြီးခဲ့သည့်ကာလက စစ်ဆေးတွေ့ရှိထားခဲ့ပြီးဖြစ်သည်။

ဘီအေဖှောမျိုးစိတ်ကွဲကို အစောဆုံးအဖြစ် တောင်အာဖရိကတွင်တွေ့ရကြောင်း သတင်းရခဲ့ကာ ဗိုင်းရပ်စ်နမူနာရယူခဲ့သည့်အချိန်မှာ ယခုနှစ်ဆန်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင်ဖြစ်သည်။

သို့ရာတွင် ထိုမျိုးစိတ်ကွဲများကို များများတွေ့လာရခြင်း နှင့် ပျံ့နှံ့ရာဒေသများလာခြင်းမှာ မကြာသေးကြောင်း၊ ထိုတွေ့ရှိချက်များကို ထောက်ရှုခြင်းဖြင့် အိုမီခရွန်ဗိုင်းရပ်စ် မျိုးစိတ်ကွဲသည် အောင်မြင်စွာပင် ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး အေဂျင်စီက ကောက်ချက်ချထားသည်။ 

ဗိုင်းရပ်စ်များသည် အခါမလပ် မျိုးရိုးဗီဇပြောင်းနေလေ့ရှိသော်လည်း မျိုးရိုးဗီဇပြောင်းလဲခြင်း အချို့သာလျှင် ထိုမျိုးစိတ်/မျိုးစိတ်ကွဲများ၏ ကူးစက်ပျံ့နှံ့နိုင်စွမ်း (ဝါ) ကာကွယ်ဆေးကြောင့်ဖြစ်သည့် ခုခံအားကို တိုက်ခိုက်ဖျက်ချေနိုင်စွမ်း၊ သို့မဟုတ် ကူးစက်ခံရသူများကို ရောဂါပြင်းထန်စွာဖြစ်စေနိုင်စွမ်း များအပေါ် အကျိုးသက်ရောက်မှုရှိသည်။ 

သာဓကဆောင်ရသော် ကိုဗစ်ကူးခံရသူများထံမှ ဗိုင်းရပ်စ်အမျိုးအစားစစ်ဆေးချက်များအရ ဘီအေထူး (BA.2) မျိုးစိတ်ကွဲကို ယခုအခါတွင် ထိုကူးစက်ခံရသူ ၉၄ ရာခိုင်နှုန်းလောက်နီးနီးတွင် တွေ့ရနိုင်ပြီး ယင်းမျိုးစိတ်ကွဲသည် ဘီအေဝမ်း (BA.1) ထက် ကူးစက်နှုန်းပိုမြန်သော်လည်း အထောက်အထားများအရမူ ကူးစက်ခံရသူများကို ပြင်းထန်သော ရောဂါမဖြစ်စေခြင်းမျိုးပင်ဖြစ်သည်။ 

Ref: https://www.independent.co.uk/news/science/omicron-sub-variants-covid-who-b2055525.html