ထားဝယ်မြို့အဝင်တွင် လုယက်သူနှစ်ဦးက အမျိုးသားတစ်ဦးကို တိုက်ခိုက်

0
580

ထားဝယ်မြို့အဝင် ကမြောကင်းတံတားထိပ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက တိုက်ခိုက်ပြီး လုယက်ရန်ကြိုးပမ်းကြောင်း တိုက်ခိုက်ခံရသည့် ကာယကံရှင် အမျိုးသားက ပြောသည်။

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သော အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦးသည် ဧပြီလ ၁၁ ရက် ည ၇နာရီခန့်က ဆိုင်ကယ်ဖြင့် ထားဝယ်ဖက်မှ လောင်းလုံးဖက်သို့ ကမြောကင်းလမ်း အတိုင်း မောင်းနှင်လာရာတွင် ယင်းသို့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမှတ် ၄ လမ်း မီးပွိင့်ကနေ လူနှစ်ဦး ဆိုင်ကယ်ဖြင့် ရှေ့ဆင့်နောက်ဆင့် လိုက်ပါလာပြီး ကမြောကင်း တံတားထိပ် ထားဝယ်မြို့အဝင် ဆိုင်းဘုတ်အနီးအရောက်တွင် လုယက်ရန် တိုက်ခိုက်ကြောင်း အဆိုပါ အမျိုးသားက ပြောဆိုသည်။

“ဆိုင်ကယ်ကို ကန်တယ်။ ပြီးတော့ ရှေ့ကနေ သူ့ဆိုင်ကယ်နဲ့ ပိတ်တယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ပြုလုပ်ခံရစဉ် အဆိုပါအမျိုးသားမှာ ၎င်း၏ဆိုင်ကယ်ကို လှဲချပြီး နီးစပ်ရာလမ်းဘေးက ဆိုင်ထဲသို့ ပြေးဝင်ပြီး ကူညီတောင်းခံခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဆိုင်ထဲက ပြည်သူများ လိုက်ပါဝိုင်းဝန်းကူညီမှုကြောင့် လုယက်သူနှစ်ဦး ထွက်ပြေးသွားရာ တိုက်ခိုက်ခံရသူ၏ ဆိုင်ကယ်သော့သာ ပါသွားပြီး ဆိုင်ကယ် ပါသွားခြင်း မရှိကြောင်း အထက်ပါ ကာယကံရှင်အမျိုးသားက ရှင်းပြသည်။

လုယက်သူ နှစ်ဦးတွင် တစ်ဦးမှာ အိတ်တစ်လုံး လွယ်ထားပြီး အင်္ကျီဝတ်ထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် ဒူးခေါင်းပွန်းပဲ့ ဒဏ်ရာအနည်းငယ် ရရှိကြောင်း အဆိုပါအမျိုးသား၏ မိတ်ဆွေတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ လိုက်သွားကြည့်တော့ သူက ဆိုင်ထဲရောက်နေပြီ။ သူ့မှာတော့ ဒူးခေါင်းဒဏ်ရာရတယ်။ ဆိုင်ကယ်လည်း ပါမသွားဘူး” ဟု ၎င်းက ဆိုသည်။

လုယက်ခံရသောနေရာသည် ကမြောကင်းတံတားအနီး ထားဝယ်ဖက်ခြမ်းတွင်ဖြစ်ပြီး အသွားအလာ များစွာဖြင့် စည်ကားနေသော နေရာဖြစ်သော်လည်း အာဏာသိမ်းပြီး‌နောက်တွင် ညဖက် အသွားအလာ မရှိသလောက် ပြတ်တောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။