သင်္ကြန်ရက်နီးကပ်လာသော်လည်း မြိတ်တွင် ရေပတ်ခံထွက်ရန် ကားငှားသူ မရှိသေးဟုဆို

0
330

နှစ်သစ်ကူးအတာသင်္ကြန်ရက် နီးကပ်လာပြီဖြစ်သော်လည်း မြိတ်တွင် ရေပတ်ခံထွက်ရန် ကားလာငှားသူ မရှိသေးကြောင်း မြိတ်မြို့ရှိ အငှားကားလိုက်သူအချို့ကို မေးမြန်းချက်အရ သိရသည်။

မနက်ဖြန် ဧပြီ ၁၃ ရက်နေ့သည် သင်္ကြန်အကြိုနေ့ဖြစ်သော်လည်း ကားငှားသူ မရှိသေးခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“အခုထိ လာမေးတဲ့သူ မရှိသေးဘူး။ လာငှားလည်း မလိုက်ဘူး” ဟု မြိတ်မြို့နေ အငှားကားလိုက်သူ တစ်ဦးက ပြောသည်။

သို့ရာတွင် သင်္ကြန်တွင်း၊ တရားစခန်းများသွားရန်နှင့် ဆွမ်းခြောက်ခံရန်အတွက် အော်ဒါရထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှု မဖြစ်ခင်အချိန်က ယခုလိုရက်မျိုးတွင် ကားပိုင်ရှင် အားလုံးနီးပါး အော်ဒါရရှိထားပြီး ကားကြံ့ခိုင်ရေး ပြင်ဆင်နေကြပြီဖြစ်ကြောင်း အငှားကားလိုက်သူများထံမှ သိရသည်။

“စီးပွါးရေး ကျပ်တည်းလို့လား၊ နိုင်ငံရေးကြောင့်လား တော့မသိဘူး။ လာငှားသမားလည်း မရှိဘူး။ တခြားကားတွေလည်း ငှါးရတယ်လို့ မကြားရဘူး” ဟု Town Ace ဖြင့် အငှါးကားလိုက်သူတစ်ဦးက ပြောသည်။

သင်္ကြန်ပွဲတော်တွင် မြို့သူမြို့သားများ ပါဝင်ဆင်နွဲခြင်း မပြုလုပ်ကြရန် မြိတ် တော်လှန်ရေး အင်အားစု များက မေတ္တာရပ်ခံထားပြီး စစ်ကောင်စီဖက်ကမူ အနည်းဆုံးသင်္ကြန် မဏ္ဍပ်လေးခု ဆောက်လုပ် ထားကြောင်း မြိတ်ဒေသခံများက ပြောပြသည်။

“အောင့်လက်စနဲ့ ဒီတစ်နှစ်လည်း အောင့်လိုက်ဦးမယ်။ အိမ်မှာပဲ မုန့်လုပ်စားပြီး ဖြတ်သန်းမယ်” ဟု နှစ်စဉ်သင်္ကြန်ရေခံထွက်သူ အသက် ၄၀ အရွယ် အမျိုးသမီးက ပြောသည်။

မြိတ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ပုဂ္ဂလိကရေကစားမဏ္ဍပ် ၂၀ ခန့် ပြုလုပ်ကြလေ့ရှိပြီး ယခုနှစ်တွင် စစ်ကောင်စီမဏ္ဍပ်မှလွဲ၍ မတွေ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။