မွန်ပြည်နယ် အဝင်အထွက် စစ်ဆေးမှုပိုမိုတင်းကြပ်

0
1421

သင်္ကြန်ကာလ နီးကပ်လာသဖြင့် မွန်ပြည်နယ် အဝင်အထွက်နေရာများတွင် စစ်ကောင်စီက  ပိုမိုတင်းကြပ်စွာ စစ်ဆေးနေကြောင်း ခရီးသွားအချို့တို့ထံမှ သိရသည်။

မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်နေရာတွင် ဧပြီလဆန်းမှစတင်ကာ စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း ကိုယ်တိုင်တွေ့ကြုံရသူများက ဆိုသည်။

 ယခင်လက  စစ်ဆေးမှုမရှိဘဲ ယခုသကြင်္န်ကာလနီးလာမှသာ စစ်ဆေးမှု ပိုမိုတင်းကြပ်လာခြင်းဖြစ်ကြောင်း မှတ်ပုံတင် ပါ မပါကို အဓိကစစ်ဆေးခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်မပါသူများကို ပြန်လှည့်ခိုင်းကြောင်း ခရီးသွားတစ်ဦးက ပြောသည်။

“ပြီးခဲ့လကလည်း ပြန်တယ် စစ်ဆေးတာမရှိပါဘူး၊ ဒီတစ်ခေါက်မှ အစစ်ခံရတယ်။ မှတ်ပုံတင်ပြခိုင်းတယ်” ဟု ဧပြီလ ၇ ရက်နေ့က ရန်ကုန်မှ မော်လမြိုင်သို့ ပြန်လာသူ တစ်ဦးက ပြောသည်။

ကရင်ပြည်နယ်ဘက်မှ ဝင်လာသူများကိုလည်း မှတ်ပုံတင် စစ်ဆေးနေသလို၊ ရေးမြို့နယ် အဝင် စစ်ဆေးဂိတ်နေရာတို့တွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားကြောင်း ဒေသခံများထံမှသိရသည်။

”မှတ်ပုံတင် ထုတ်ခိုင်းတယ်၊ ပြီးတော့ လူနဲ့ မှတ်ပုံတင်ကို တိုက်ကြည့်ပြီး ဘယ်ကလာလဲ မေးတယ်” ဟု ဧပြီ ၈ ရက်နေ့က ဘုရားသုံးဆူမှ မုဒုံသို့ ပြန်လာသူတစ်ဦးက ပြောသည်။

မှတ်ပုံတင်မပါသူများကို မွန်ပြည်နယ်အတွင်းသို့ ဝင်ခွင့်မပြုရန်  ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားကြောင်းလည်း အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။