မြိတ်ခရီးသည်တင်ယာဉ်လိုင်းအားလုံး သင်္ကြန်တွင်း ရပ်နားမည်

0
309

မြိတ်မြို့မှ အခြားမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းအားလုံးနှင့် ကုန်တင်ယာဉ်များ သင်္ကြန်ကာလအတွင်း ရပ်နားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပုဂ္ဂလိက မော်တော်ယာဉ်ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။

မြိတ်မြို့မှ အခြားမြို့ကြီးများသို့ ပြေးဆွဲနေသည့် မှန်လုံယာဉ်ကြီး၊ ယာဉ်ငယ် လိုင်းပေါင်း ခြောက်ဆယ်ခန့် ရှိကြောင်း ကော်မတီမှ တာဝန်ရှိသူက ပြောသည်။

“အကြိုရက်ကနေ နှစ်ဆန်းတစ်ရက်အထိ (ယာဉ်) အားလုံးပိတ်တယ်” ဟု ၎င်းက ဆိုသည်။

ခရီးသည်တင်ယာဉ်လိုင်းသာမက ကုန်တင်ယာဉ်များပါ ပိတ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

နှစ်စဉ်သင်္ကြန်တွင်း ယာဉ်လိုင်းများ ရပ်နားကြသော်လည်း ခရီးသည်လိုအပ်ချက်အရ သွားလာကြသည့် ယာဉ်ငယ်များလည်း ရှိကြောင်း ခရီးသည်ယာဉ်လိုင်းငယ်မောင်းသူများထံမှ သိရသည်။

“စင်းလုံးငှါးအော်ဒါမျိုး သွားကြတာရှိသလို ခရီးသည်တွေ စုပြီးလည်း လိုက်ပို့တာမျိုးရှိတယ်” ဟု မြိတ်-ကော့သောင်း ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

မြိတ်မြို့မှ အခြားမြို့များသို့ နေ့စဉ်ပြေးဆွဲနေသည့် ခရီးသည်တင်မှန်လုံယာဉ်ကြီးလိုင်းပေါင်း သုံးဆယ်နီးပါး နှင့် ယာဉ်ငယ်လိုင်း သုံးဆယ်နီးပါးရှိကြောင်း မြိတ်ခရိုင်ပုဂ္ဂလိက မော်တော်ယာဉ်ထိန်းသိမ်းရေးကော်မတီ ထံမှ သိရသည်။

တိုင်းအတွင်းပြေးဆွဲနေသည့် ယာဉ်ငယ်လိုင်းပေါင်းလည်း သုံးဆယ်ကျော်ရှိကြောင်း အဆိုပါကော်မတီထံမှ သိရသည်။