တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲပြင်းထန်နေ

0
205

တောင်ပျောက်တိုက်နယ် မယ်ကဲကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ယနေ့ (ဧပြီ ၂) ရက် မွန်းလွဲ ၂ နာရီခန့်ကတည်းက တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

ယနေ့ ညနေ ၆ နာရီခွဲအထိ သေနတ်သံနှင့် လက်နက်ကြီးပစ်သံများ ဆက်တိုက်ကြားနေကြောင်း ဒေသခံအချို့က ပြောသည်။

“အခုပစ်နေတယ် မယ်ကဲမှာ။ နေစရာ စားစရာကိုမရှိဘူး။ ပြေးနေရတယ်။ (ဖုန်း) လိုင်းကလည်း မကောင်း ဘူး။ တောင်ပေါ်မှာ တက်နေနေရတယ်။ အခု လက်နက်ကြီးတွေရော သေနတ်တွေရော ပစ်နေကြတယ်။ တောင်ပေါ်မှာဆိုတော့ ပိုကြားများတာပေါ့နော်။ အိမ်တွေလည်း မီးရှို့တယ်ဆိုပြောတယ်။ မီးခိုးတွေလည်း တွေ့နေတယ်” ဟု ဝင်းကဖော်ကျေးရွာမှ တိုက်ပွဲရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသမီးမှာ တိုက်ပွဲဖြစ်လာမည်စိုးရိမ်သဖြင့် မတ်လ ၃၀ ရက်နေ့က ရွာသူရွာသား ၆၀ ကျော်နှင့်အတူ ဘေးလွတ်ရာသို့ တိမ်းရှောင်စဉ် စစ်ကောင်တပ် စစ်ကြောင်းတစ်ခုနှင့် တိုးပြီး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသူဖြစ်သည်။

ယနေ့ မွန်းလွဲချိန်ကတည်းက မယ်ကဲကျေးရွာဘက်ဆီက သေနတ်သံများ၊ လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားရနေရခြင်းဖြစ်ကြောင်း တောတွင်းတစ်နေရာတွင် စစ်ဘေးရှောင်နေသည့် အခြားအမျိုးသမီးတစ်ဦးက ပြောသည်။

တောင်ပျောက်တိုက်နယ်အတွင်းကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသည့်နေ့ မတ်လ ၃၀ ရက် နံနက် ၄နာရီကတည်းက ဒေသခံရွာသားများ ဘေးလွတ်ရာနေရာများဖြစ်သည့် တောတောင်များနှင့် ဥယျာဉ်ခြံများ အတွင်းသို့ ရွာလုံးကျွတ်ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ပျောက်တိုက်နယ်တွင် ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ပွဲရှောင်သည့် ဒေသခံတို့မှာလည်း တိုက်ပွဲရပ်တန့်ချိန်မှသာ ကိုယ့်ရပ်ကိုယ့် ရွာပြန်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့ထမှ သိရသည်။