ဘတ်ခြောက်သန်း ထိုင်းထီပေါက်သည့် လောင်းလုံးမြို့နယ်သူ ဆုငွေထုတ်ရန် အခက်အခဲဖြစ်နေဟုဆို

0
1829

ဧပြီလ ၁ ရက်က ထွက်ရှိသည့် ထိုင်းထီ ပထမဆု (ဘတ်ခြောက်သန်းဆု) ပေါက်သူမှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်သူတစ်ဦးဖြစ်ပြီး ဆုငွေထုတ်ရန် အခက်အခဲဖြစ်နေကြောင်း ၎င်းကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။

ထိုင်းထီပေါက်သူမှာ လက်ရှိ မြန်မာနိုင်ငံထဲတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ စူရတ်ဌာနီမြို့တွင် အလုပ်လုပ်နေသည့် တစ်ရွာတည်းသားချင်းထံမှနေပြီး အွန်လိုင်းမှတစ်ဆင့် ထီထိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧပြီလ ၁ ရက်နေ့က ထွက်သည့် ၉၇၀၆၁၈ ဂဏန်းဖြင့် ပထမဆုပေါက်ခဲ့ခြင်းဖြစ်ပြီး မြန်မာကျပ်ငွေဖြင့် ဆိုပါက သိန်းသုံးထောင်ကျော်ရှိမည်ဖြစ်သည်။

ဆု‌ငွေထုတ်ယူပေးမည့် ထီလက်မှတ်ရောင်းထားသူက မတန်တဆ ငွေတောင်းနေသောကြောင့် ဧပြီလ ၂ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီကျော်အထိ ထီပေါက်ငွေများ မထုတ်ရသေးကြောင်း ထီပေါက်သူအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

ထီလက်မှတ်ရောင်းချသူနှင့် ဆုငွေထုတ်ပေးမည့်သူမှာ တစ်ဦးတည်းဖြစ်ပြီး ထီပေါက်သူနှင့်လည်း တစ်ရွာတည်းသားချင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မတန်တဆဆိုသည့် ပမာဏကို အတိအကျ ဖြေကြားခြင်းကား မရှိခဲ့ပေ။

“ဆုငွေထုတ်ပေးခက မတန်တဆတောင်းနေလို့ ဆုငွေက အခုထိ မထုတ်ရ‌သေးဘဲဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ ဘာမှတော့မပြောသေးဘူး။ တကယ်လို့ မထုတ်ပေးဘူးဆိုရင် ကူညီမယ့်သူတွေ အများကြီးရှိပါတယ်။ အခုကတော့ ဆုငွေ ထုတ်ပေး မပေးဆိုတာကို စောင့်ကြည့်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ထီလက်မှတ်မှာလည်း ထီရောင်းသူ လက်ထဲတွင်သာ ရှိနေသေးကြောင်း အထက်ပါ ကူညီပေးသူက ဆိုသည်။

လုံခြုံရေးအရ ထီပေါက်သူ မည်သူ မည်ဝါဖြစ်ကြောင်းကို မပြောနိုင်သေးဘဲ လောင်းလုံးမြို့ တောင်ဘက်ရှိ ကျေးရွာတစ်ရွာတွင်နေထိုင်သူတစ်ဦးဟုသာ လောလောဆယ် ပြောကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။