စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်၍ သိန္ဒောရွာသားများ နေရပ်မပြန်နိုင်

0
170
တိုက်ပွဲကြောင့်ထွက်ပြေးလာသည့် သိန္ဒောရွာသားများ

စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည့်အတွက် စစ်ဘေးရှောင်နေသည့် သိန္ဒောရွာသားများ နေရပ်မပြန်ရဲကြသေးကြောင်း ဒေသခံများထံမှသိရသည်။

“ရွာခဏပြန်သွားသူတစ်ချို့  တိုက်ပွဲထပ်ဖြစ်မှာကိုကြောက်ပြီး ပြန်ပြေးလာကြတယ်” ဟု သိန္ဒောဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် မတ်လ ၃၁ ရက်နေ့က ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တနင်္သာရီ PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများစစ်ဘေးရှောင် ထွက်ပြေးနေရခြင်းဖြစ်သည်။

ယနေ့နံက် ၁၀ နာရီခွဲခန့်က တိုက်လေယာဉ်နှစ်စီး ရွာပေါ်ပျံဝဲနေသည့်အတွက် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ပြီး နေရပ်ပြန်သွားသူများ ပြန်လည်စစ်ဘေးရှောင်ကြခြင်းဖြစ်ပြီး ယနေ့နံနက်စစ်ဘေးရှောင်လာသူများမှာ ယမန်နေ့ကထက်ပိုများကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

“တစ်ရွာလုံးလူမရှိတော့ဘူး စျေးဆိုင်ရောင်းတဲ့ အိမ်တွေပဲ လူစောင့်ကျန်ရစ်ကြတယ်”ဟု အဆိုပါဒေသခံကပြောသည်။

လက်ရှိအချိန်တွင် ရွာသားများသည် သိန္ဒောကျေးရွာတဖက်ကမ်းရှိ ဘန်းပြည့်ကျေးရွာဘုန်းကြီးကျောင်းနှင့် နီးစပ်ရာအိမ်များတွင် စစ်ဘေးရှောင် ခိုလုံနေကြခြင်းဖြစ်သည်။

မနေ့ကဖြစ်ပွားခဲ့သည့် ၃ နာရီအကြာတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ၄ ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ PDF ဖက်မှ ထိခိုက်သူမရှိကြောင်း တနင်္သာရီဘက်မလိုက်ပြောက်ကျားအဖွဲ့က ယနေ့ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီဖက်မှ တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးသလို Dawei Watch အနေဖြင့်လည်း တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ပွဲကို တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဘက်မလိုက်ပြောက်ကျားအဖွဲ့နှင့် တောင်ပိုင်းသူရဲကောင်းများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။