တောင်ပျောက်တိုက်နယ်က ကျေးရွာသုံးရွာဘက်သို့ လက်နက်ကြီး ရက်ဆက်ပစ်ခတ်ခံရ

0
208

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာသုံးရွာဘက်သို့ ညဘက်များတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှု သုံးရက်ဆက်တိုက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးကျည်များသည် ကျွဲခြံရွာ၊ ဝင်းကဖော်ရွာနှင့် အလယ်စုရွာအနီးတို့တွင် ကျရောက်ပေါက်ကွဲ ကြောင်း ဒေသခံများထံမှ သိရသည်။

လူနေအိမ်အနီးတွင် လက်နက်ကြီးကျည် ကျရောက်မှုများရှိနေပြီး ဥယာဉ်ခြံများအတွင်းသို့လည်း ကျရောက်ပေါက်ကွဲသဖြင့် ကွမ်းပင်များ ကျိုးကြေပျက်စီးကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းတိုက်နယ်ထဲရှိ သဲချောင်းကြီးကျေးရွာဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ယင်းရွာရှိ ရဲကင်းစခန်းတွင် စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သဲချောင်းကြီး၏ ချောင်းတစ်ဖက်ခြမ်းတွင်ရှိသည့် ကျွဲခြံရွာနှင့် ရွာချင်းဆက်နေသည့် ဝင်းကဖော် ကျေးရွာ ဘက်ကို မတ်လ ၂၆ ရက် ည ၈ နာရီခန့်က လက်နက်ကြီးကျည်တစ်လုံး၊ ည ၁၀ နာရီခန့်တွင် နှစ်လုံး ပစ်ခတ်ခံရကြောင်း ယင်းရွာက ဒေသခံအချို့ထံမှ သိရသည်။

“လူနေတဲ့ နေရာတွေကို လာကျတာလည်းရှိတယ်။ တချို့က မပေါက်ကွဲလို့ တော်သေးတယ်။ တချို့ဟာတွေက မပေါက်ကွဲသေးတော့ လက်နက်ကြီးကျည် ပြန်ရတာတွေရှိတယ်။ ပေါက်ကွဲခဲ့ရင် ဒီနားတဝိုက်က အိမ်တွေ ကုန်ပြီထင်တယ်” ဟု ဝင်းကဖော်ကျေးရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

သဲချောင်းကြီး ရဲကင်းစခန်းဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်မှာ လအတန်ကြာပြီဖြစ်ပြီး ယခုရက်ပိုင်းတွင်မူ သုံးရက် ဆက်တိုက်ပစ်ခတ်နေကြောင်း ၎င်းက ယနေ့ (မတ် ၂၇) ပြောသည်။

“ညတုန်းက တစ်လုံးလည်း ရွာထဲက လူနေအိမ်နားမှာပဲ လာကျတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။

ညစဉ်လိုလို လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသူရွာသားများမှာ ညဘက်တွင် တစ်အိမ်နှင့်တစ်အိမ်၊ နီးစပ်ရာဆွေမျိုးများ စုပေါင်းအိပ်စက်နေကြရပြီး နံနက်ပိုင်းတွင်လည်း ဥယာဉ်ခြံသို့ ကြောက်ကြောက်လန့်လန့်ဖြင့်ပင် သွားလာလုပ်ကိုင်နေရကြောင်း ဒေသခံအချို့က ဆိုကြသည်။

တောင်ပျောက်တိုက်နယ်ထဲက PDF များရှိနိုင်သည့် နေရာများကို ပစ်ခတ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ယူဆကြသည်။

မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် သုံးလုံးတွေ့ရပြီး ပေါက်ကွဲသည့် ကျည်ခွံများကိုလည်း တွေ့ရကြောင်း ယင်းကျေးရွာများက ဒေသခံများထံမှ သိရသည်။

“ဒီလိုပစ်နေတာ သုံးလလောက်ရှိပြီ။ သုံးလလောက်အတွင်းမှာ အလုံး ၅၀ ကနေ ၇၀ လောက်ထိရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

လက်နက်ကြီးသည် ည ၇ နာရီခန့်မှ ည ၁၁နာရီခန့်အထိ ပစ်ခတ်လေ့ရှိပြီး သုံးရက်ကြာလျှင် တစ်ကြိမ်ခန့် ပစ်ခတ်လေ့ရှိပြီး တစ်ကြိမ်ပစ်လျှင် တစ်လုံးမှ သုံးလုံးအထိ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

သဲချောင်းကြီးရဲကင်းစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် ပျူစောထီးအဖွဲ့ဝင်များသည် တောင်ပျောက်တိုက်နယ်သို့ အဝင်အထွက်လမ်းကြောင်းနှစ်ခုလုံးကို ဂိတ်ချပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။