လောင်းလုံး ပန်းဒလဲရွာတွင် ပျူစောထီးဟု နာမည်ကြီးသူတစ်ဦး ပစ်ခတ်ခံရ

0
664

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင် ပျူစောထီးဟုလည်း နာမည်ကြီးသည့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး (မတ် ၂၈) သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပစ်ခတ်ခံရသူမှာ ဦးသိန်းဇော် ခေါ် ဦးဇော်ဆိုသူဖြစ်ပြီး ပန်းဒလဲရွာနှင့် အင်းဇောက်ရွာကြား ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဦးသိန်းဇော် ဆိုင်ကယ် စီးလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံကတော့ လေးချက်လောက် ကြားရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ ပစ်ခတ်ခံရပြီးနောက် ဆေးရုံသို့ သယ်ဆောင်သွားပြီး သေဆုံးသွားပြီဟု သတင်းထွက်ပေါ် နေသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သေတယ်ဆိုရင်တော့ ရွာကိုအလောင်းပြန်သယ်လာမှာပဲ။ အခုထိတော့ ရွာကို မရောက်လာသေးဘူး။ ဆိုတော့ သေတယ်ဆိုပြီး တပ်အပ်ပြောလို့တော့ မရသေးဘူးပေါ့” ဟု ဒေသခံတစ်ဦးက ယနေ့နံနက် ၉ နာရီဝန်းကျင်တွင် ပြောဆိုသည်။

ဦးသိန်းဇော် ခေါ် ဦးဇော်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ပြီး လက်နက်ကိုင်ဆောင်ကြောင်း ဒေသခံအချို့က ပြောသည်။

ဦးသိန်းဇော် ခေါ် ဦးဇော်အား ပစ်ခတ်မူကို Dawei Defense Team (DDT) နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။