အနီရောင်အဆင့် မုန်တိုင်းကြောင့် ကျွန်းစု-မြိတ် အမြန်ရေယာဉ်များ ခေတ္တရပ်နား

0
697
၂၀၂၁ နှစ်ကုန်ပိုင်းက မြိတ်ဆိပ်ကမ်း၌တွေ့ရသည့် အမြန်ရေယာဉ်တစ်စီး။

ကျွန်းစုနှင့် မြိတ်သို့ပြေးဆွဲနေသည့် အမြန်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များ လက်ရှိဖြစ်ပေါ်နေသည့် အနီရောင်အဆင့် မုန်တိုင်းကြောင့် ယနေ့ (မတ် ၂၂) မှ စတင်ကာ ခေတ္တရပ်နားထားရကြောင်း အမြန်ရေယာဉ်ပိုင်ရှင်နှင့် ခရီးသွားပြည်သူများထံမှ သိရသည်။

ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်သုံးစီးနှင့် ကုန်တင်လှေအားလုံးကို မုန်တိုင်း အန္တရယ်ကြောင့် သက်ဆိုင်ရာက ခေတ္တရပ်နားခိုင်းထားကြောင်း အမြန်ယာဉ်ပိုင်ရှင်များက ပြောသည်။

“မုန်တိုင်းအခြေအနေကို ကြည့်ပြီးနားခိုင်းထားတာ။ ဘယ်နှစ်ရက် နားရမလဲဆိုတာတော့ ပြောလို့မရဘူး။ မုန်တိုင်းအပေါ် မူတည်တယ်” ဟု အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိရာသီဥတုအနေအထားအရ အနည်းဆုံး သုံးရက်ခန့် ရပ်နားထားရနိုင်ကြောင်း အမြန်ရေယာဉ်ပဲ့နှင်း တစ်ဦးက ဆိုသည်။

“အရေးပေါ်မဖြစ်မနေသွားရမယ့် ခရီးသည်တွေက အမြန်ယာဉ်မထွက်လို့ သဗ္ဗန်လှေငယ်တွေ ငှားပြီးသွား နေကြတယ်” ဟု အမြန်ရေယာဉ်ပိုင်ရှင် တစ်ဦးက ပြောပြသည်။

ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်သုံးစီးရှိပြီး တစ်စီးလျှင် တစ်နေ့ သုံးခေါက်နှုန်းဖြင့် အလှည့်ကျပြေးဆွဲလျှက်ရှိသည်။

ကျွန်းစုမှ မြိတ်သို့ အမြန်ရေယာဉ်မောင်းချိန်တစ်နာရီရှိပြီး အမြန်ရေယာဉ်တစ်စီးလျှင် အနည်းဆုံးခရီးသည် ငါးဆယ်မှ တစ်ရာဝန်းကျင်အထိခန့် လိုက်ပါလေ့ရှိသည်။

အားကောင်းသည့် မုန်တိုင်းငယ်မှာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့အနီးသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အနီရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် တနင်္သာရီကမ်းရိုးတန်းတွင် မိုးထစ်ချုန်းရွာကာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၃ ပေအထိ ရှိနိုင်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။