လောင်းလုံးတွင် CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး အဖမ်းခံရ

0
371

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲရှေ့ပိုင်းရွာတွင် နေထိုင်သည့် CDM သားဖွားဆရာမတစ်ဦး အဖမ်းခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဖမ်းခံရသူမှာ အသက် ၂၇ နှစ်ဝန်းကျင်အရွယ် မအိမို့မို့မြတ်ဆိုသူဖြစ်ပြီး မတ်လ ၂၁ ရက် ညနေ လေးနာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က နေအိမ်သို့ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းသည် ဧရာဝတီတိုင်းတွင် တာဝန်ကျသည့် သားဖွားဆရာမတစ်ဦးဖြစ်ပြီး CDM လှုပ်ရှားမူတွင် ပါဝင်ပြီးနောက် ဇာတိရွာတွင် လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘာဖြစ်လို့ဖမ်းတယ်ဆိုတာ တိတိကျကျ ဘယ်သူမှမသိကြဘူး။ လာဖမ်းတယ်ဆိုတာတောင် မသိကြတာ။ အရပ်ဝတ်တွေနဲ့ ရုတ်တရက်ရောက်လာပြီး ဖမ်းတာဆိုတော့။ နေပြည်တော်ကနေ တိုက်ရိုက်ဆင်းလာပြီး ဖမ်းတယ်လို့လည်း ပြောနေကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

မအိမို့မို့မြတ်သည် နေအိမ်ရှိ ကလေးငယ်များအား စာသင်ပြနေစဉ် အဖမ်းခံရခြင်းဖြစ်ပြီး လောင်းလုံးမြို့မရဲစခန်းတွင် စစ်ဆေးခံနေရသည်ဟု ကြားသိရကြောင်း ၎င်းကဆိုသည်။