မြိတ်ဒေသတွင် ကွမ်းသီးတစ်ပိဿာ ကျပ် ၁၆၀၀ ဈေးကျဆင်း

0
532

မြိတ်ဒေသတွင် ကွမ်းသီးခြောက်ဈေး တစ်ပိဿာလျှင် ကျပ်ခြောက်ထောင်ကျော် ဈေးပေါက်ခဲ့ရာမှ လက်ရှိတွင် ၄၈၀၀ သို့ ဈေးပြန်ကျသွားကြောင်း ကွမ်းသီးခြံရှင်များနှင့် ကွမ်းသီးရောင်းဝယ်ရေး လုပ်ကိုင်သူများ ထံမှ သိရသည်။

မြန်မာနိုင်ငံက ကွမ်းသီးများကို အိန္ဒိယသို့ အဓိကတင်ပို့ရောင်းချနေပြီး လက်ရှိတွင် ကလေး-တမူး နယ်စပ် ဂိတ် ပိတ်ထားသဖြင့် ကွမ်းသီးဈေး ဆက်တိုက်ကျဆင်းနေခြင်းခြင်းဖြစ်ကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။

ကလေး-တမူးနယ်စပ်ဂိတ်အား ၂၀၂ဝ မတ်လ ၁၀ ရက်မှစပြီး အိန္ဒိယနိုင်ငံဘက်က ကိုဗစ်ကြောင့် ပိတ်ခဲ့ပြီးနောက် ၂၀၂၁ နိုဝင်ဘာတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ဂိတ်အား ပြန်လည်ဖွင့်လှစ်ခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့က မြိတ်တွင် ကွမ်းသီးဈေး
တစ်ပိဿာလျှင် ကျပ်ခြောက်ထောင်လေးရာအထိ ဈေးရရှိခဲ့ကြောင်း ကွမ်းခြံရှင်အချို့က ပြောပြသည်။

ယင်းနောက် မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်ပြန့်ပွားမှု မြင့်တက်လာချိန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စပြီး ဂိတ်ကို ထပ်မံပိတ်ထားခဲ့ကြောင်း ကလေးမြို့နေ အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။

ဂိတ်အား ပြန်လည်ပိတ်ခဲ့သည့် ဇန်နဝါရီလမှစပြီး ဈေးနှုန်းများ ကျဆင်းလာနေရခြင်းဖြစ်ကာ ဇန်နဝါရီနှင့် ဖေဖော်ဝါရီတို့တွင် တစ်ပိဿာလျှင် ကျပ် ၆၄၀၀ မှ ၅၅၀၀ ၊ ၅၃၀၀ ၊ ၅၂၀၀ သို့ တဖြေးဖြေးကျဆင်း လာကြောင်း မြိတ်ခရိုင်အတွင်းရှိ ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူအချို့ထံမှ သိရသည်။

မတ်လဆန်းတွင်မူ ကျပ် ၄၈၀၀ သို့ ဈေးကျဆင်းသွားကြောင်း တနင်္သာရီမြို့ရှိ ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကိုဗစ်ကပ်ဘေးကြောင့် နယ်စပ်ဂိတ်ပိတ်ချိန်နှင့် နိုင်ငံရေး မတည်ငြိမ်မှုတို့ကြောင့် ကုန်သွယ်ရေး အခက်တွေ့ရှိတွင် ကွမ်းသီးများကို ပြည်တွင်းဈေးကွက်တွင်သာ ပြန်လည်ရောင်းချကြရသဖြင့် ဈေးကျလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်သို့တင်ပို့လျှင် တစ်ပိဿာ ကျပ် ၆၁၀၀ ဈေးရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြိတ်ခရိုင်အတွင်း ထွက်ရှိကြသည့် ကွမ်းသီးခြောက်တို့အား ကွမ်းသီးခြံရှင်များက ဒေသအတွင်းရှိ ကွမ်းသီးအဝယ်ဒိုင်တို့ထံ ရောင်းချကြပြီး အဝယ်ဒိုင်တို့မှ ရန်ကုန်မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ကြခြင်းဖြစ်သည်။

တစ်နှစ်လျှင် ကွမ်းသီးပိဿာချိန် သောင်းဂဏန်းအထိ ထွက်ရှိကြသည့် ကွမ်းခြံရှင်အချို့တို့မှာ ရန်ကုန်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလေ့ရှိကြကြောင်း တနင်္သာရီမြို့ အော်ကြီးရွာနေ ကွမ်းခြံရှင် အမျိုးသား တစ်ဦးက ပြောပြသည်။

မြိတ်မြို့နယ်အတွင်း ကျေးရွာအချို့တို့တွင် ကွမ်းသီး တစ်ပိဿာလျှင် ၄၈၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဈေးရှိကြောင်း ယင်းကျေးရွာတို့မှ သိရသည်။