ရုက္ခစိုးကို တိုင်ထားမယ်

0
2152

ကိုယ့်ပတ်ဝန်းကျင်မှာ သစ်ခိုးထုတ်နေတာတွေ့ ပါသလား။ တောရိုင်းတိရစ္ဆာန်တွေ တွေ့ထားပါသလား၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းနေတာတွေ တွေ့နေရပါသလား။

ကိုယ်တိုင် ဘာမှ မလုပ်နိုင်ဘူးလို့ အံကြိတ်နေစရာ မလိုတော့ပါဘူး။

တိုင်စရာ ရုက္ခစိုး ရှိနေပါပြီ။

မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်လို့ သဘာဝ ပတ်ဝန်းကျင်ကို မှီခိုလုပ်ကိုင်စားသောက်ရပါတယ်။ ဒီတော့ ကိုယ့် အသက်မွေးမှုနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ အတွက် သဘာဝပတ်ဝန်းကျင်ကို ပိုထိန်းသိမ်း စောင့်ရှောက်ဖို့ လိုပါတယ်။

ကမ္ဘာတစ်ဝန်း သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ Global Forest Watch ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် သုံးသိန်းခွဲကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တနင်္သာရီတိုင်းက လေညာအမျိုးသား ဥယျာဉ်အနီးမှာ သစ်တောပြုန်းတီးမှု မြင့်မားနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အခုအချိန်လိုမျိုး ဥပဒေ စိုးမိုးဖို့ လိုအပ်ချက်တွေ အများကြီးရှိတဲ့ ကာလမှာ တစ်ဦးချင်း တိုင်းသူပြည်သားတွေ ရသလောက် ရုန်းပြီး ဝိုင်းထိန်းသိမ်း စောင့်ရှောက်ကြဖို့ လိုပါမယ်။

တစ်ဦးချင်းက ကိုယ်မလုပ်နိုင်ဘူးလို့ ထိုင်ကြည့် အားလျော့ နေစရာ မလိုတော့ ပါဘူး။

လုပ်စရာနည်းတွေ ရှိလာပါပြီ။

အဲဒါကတော့ ပရောဂျက် ရုက္ခစိုးမှာ မှတ်တမ်း ပေးပို့ ဖို့ပါပဲ။ www.projectyokkasoe.org ကို ဝင်ရောက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုတွေကို မှတ်တမ်းတင် ပေးပို့ရုံပါပဲ။ ဒါဟာ တယ်လီဖုန်းတစ်လုံး ရှိရုံနဲ့ လူတိုင်း ပါဝင်နိုင်တဲ့ အလုပ်ဖြစ်ပါတယ်။

ပရောဂျက်ရုက္ခစိုးကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားသော စေတနာ့ ဝန်ထမ်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများကဖန်တီးထားပါတယ်။ ပရောဂျက် ရုက္ခစိုးရဲ့ ရည်ရွက်ချက်ကတော့ သဘာဝသယံဇာတ ဆိုင်ရာ ပြောင်းလဲမှုတွေကို နိုင်ငံသားတွေ ကိုယ်တိုင် စောင့်ကြည့်လေ့လာနိုင်ရေး အထောက်အကူဖြစ်ဖို့၊ အဲဒီ ပြောင်းလဲမှုတွေကို အထောက်အထားနဲ့ စနစ်တကျ မှတ်တမ်းတင် အတည်ပြုဖို့၊ အလုံးစုံပါဝင်တဲ့ မှတ်တမ်းတစ်ခု တည်ဆောက်ဖို့၊ စုဆောင်း ရရှိထားတဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ မျှဝေဖို့ ဖြစ်ပါတယ်။

ဒီလို ပြုလုပ်ခြင်းအားဖြင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု စောင့်ကြည့်လေ့လာတာတွေနဲ့ ပတ်သက်ပြီး အချက်အလက် စုဆောင်းထားနိုင်မယ်၊ ဗဟုသုတနဲ့ အသိပညာ တိုးစေမယ်။ မြန်မာ့ ဇီ၀မျိုးစုံ မျိုးကွဲတွေကို ကာကွယ်စောင့်ရှောက်ရေး လှုံ့ဆော်နိုင်မယ်၊ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းမှုတွေ အတွက် သတင်းအချက်အလက်တွေ ပေးနိုင်မယ် ဆိုပြီး ရည်မှန်းထားပါတယ်။

အခု လက်ရှိ အချိန်အထိ ပရောဂျက် ရုက္ခစိုးမှာ သတင်းပေးပို့မှုပေါင်း သုံးရာကျော် ရရှိထားပါတယ်။ အဓိကအားဖြင့် သစ်တော၊ တောရိုင်းတိရစ္ဆာန်၊ ရေ၊ သတ္တု တူးဖော်ခြင်းနဲ့ လူမှု အသိုင်းအဝိုင်း ကိစ္စတွေ အတွက် ဖြစ်ပါတယ်။

ဒီလိုသတင်းပေးပို့ရာမှာ ကိုယ့်ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ဖြည့်သွင်းစရာမလိုဘဲ မှတ်တမ်းတင် သတင်းပေးပို့နိုင်တာ ဖြစ်လို့ သတင်းပေးလိုက်လို့ သူများတွေ သိသွားမှာ၊ ကိုယ့်ကို လာပြီး ဒုက္ခပေးမှာကို ပူစရာ မလိုပါဘူး။

ကဲ . . . ကိုယ့်ပတ်ဝန်းကျင်မှာ သစ်ခိုးထုတ်နေတာတွေ့ ပါသလား။ တောရိုင်းတိရစ္ဆာန်တွေ တွေ့ထားပါသလား၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းနေတာတွေ တွေ့နေရပါသလား။

ကိုယ်တိုင် ဘာမှ မလုပ်နိုင်ဘူးလို့ အံကြိတ်နေစရာ မလိုတော့ပါဘူး။ ရုက္ခစိုးနဲ့ တိုင်ထားနိုင်ပါပြီ။

www.projectyokkasoe.org မှာ ဘယ်လို မှတ်တမ်းတင်သတင်းပေးပို့ရနိုင်သလဲဆိုတာကို ဆက်လက် တင်ဆက်ပေးပါ့မယ်။

အသေးစိတ်ကို လေ့လာချင်တယ်ဆိုရင်တော့ https://www.projectyokkasoe.org နဲ့ပရောဂျက် ရုက္ခစိုးရဲ့ Facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/projectyokkasoe မှာ သွားရောက် လေ့လာနိုင်ပါတယ်။

ကဲအခု ပဲ စလိုက်ကြရအောင်။