ရွှေပြန်ရောင်းလျှင် ဈေးနှိမ်ခံရဟုဆို

0
764

ဈေးမတက်ချိန်က ဝယ်ယူထားသောရွှေကို‌ ယခုကဲ့သို့ ရွှေဈေး သိန်းနှစ်ဆယ်ဝန်းကျင်‌ ပေါက်ဈေးရှိနေချိန် ပြန်ရောင်းချလျှင် ရွှေဆိုင်အချို့က ဈေးနှိမ်ဝယ်ယူနေကြသဖြင့် အရှုံးခံရောင်းချနေရကြောင်း ရွှေရောင်းချ သူအချို့က ပြောသည်။

၁၅ ပဲရည်၊ ၁၄ ပဲရည် ရွှေကို ပြန်ရောင်းချချိန်တွင် ကာလပေါက်ဈေးဖြင့် ဝယ်ယူခြင်းမဟုတ် ဈေးနှိမ် ဝယ်ယူနေကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

ယမန်နေ့က ၁၅ ပဲရည်ရွှေတမတ်သားကို သွားရောင်းချခဲ့ရာ ကျပ်နှစ်သောင်း အရှုံးခံပြီး ရောင်းချ ခဲ့ရကြောင်း ထားဝယ်မြို့ခံ ဒေါ်ဌေးဌေးက ဆိုသည်။

ဒေါ်ဌေးဌေးသည် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၁၅ သိန်းကျပ်ဝန်းကျင် ဈေးပေါက်ချိန် ကျပ်နှစ်သိန်းရှစ်သောင်းဖြင့် ရွှေတစ်မတ်သား ဝယ်ယူထားခြင်းဖြစ်ကြောင်း ဆိုသည်။

ယခု ရွှေဈေး ကျပ်သိန်းနှစ်ဆယ် ဝန်းကျင်ဈေးပေါက်နေချိန် ပြန်ရောင်းချရာတွင် ဝယ်ဈေးထက် ဈေးပို မရသည့်အပြင် ကျပ်နှစ်သောင်းကျပ် ရှုံးကာ ကျပ်နှစ်သိန်းခြောက်သောင်းသာ ရရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ရွှေရောင်းရတာ တော်တော်မျက်နှာငယ်တယ်။ ‌ဈေးနှိမ်ပြီးတော့ ဝယ်ကြတာ။ ဝယ်တုန်းကတော့ ရွှေဈေး ရောင်းတော့ကြေးဈေး ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့က ရွှေဆိုင်ပိုင်ရှင်တစ်ဦးကမူ ၁၅ ပဲရည် ရွှေအရည်အသွေးအပြည့်ရှိနေပါက ရောင်းဈေး တစ်ကျပ်သားလျှင် ကျပ် ၁၇ သိန်းဝန်းကျင် ပေါက်ဈေးရှိနေသဖြင့် တမတ်သားလျှင် အနိမ့်ဆုံး သုံးသိန်း ကျော် လေးသိန်းဝန်းကျင်တွင် ဈေးရနိုင်ကြောင်း ပြောဆိုသည်။

“ရွှေဆိုတာက ပြောရခက်တယ်။ ကိုယ်တိုင်မြင်ရတာ မဟုတ်ဘူးဆိုတော့လေ။ ဒါပေမယ့် တမတ်သား ဆိုရင်တော့ လက်ခ၊ လျော့တွက်တွေ နုတ်ပြီးရင်တော့ သုံးသိန်းကျော် လေးသိန်းနီးပါးလောက် ရနိုင်တယ် ပေါ့နော်။ အခုဈေးနဲ့ဆိုရင်။ အဲဒာခန့်မှန်းပြီးပြောတာပါ။ အတိအကျကတော့ ရွှေအရည်အသွေးကို ကိုယ်တိုင်မြင်ရမှပဲ ပြောလို့ရမယ်” ဟု ၎င်းက ဆိုသည်။

အခြား ရွှေရောင်းချသူတစ်ဦးကမူ ဈေးမတက်ချိန်က ဝယ်ယူထားသောရွှေကို ဘောင်ချပြပြီး သွားရောင်းချသဖြင့် ဈေးနှိမ် ဝယ်ယူခြင်းခံခဲ့ရကြောင်း ပြောဆိုသည်။

“(၁၅ ပဲရည်) ရွှေရောင်းရင် ဘောင်ချာမပြဘဲ ရောင်းတာ ပိုကောင်းတယ်။ ဘောင်ချာပြလိုက်ရင် ကိုယ်ဝယ်ထားတဲ့ ရွှေဈေး ဆိုင်ကသိသွားရင် ပေါက်ဈေးအတိုင်း မပေးချင်ကြဘူး။ ကိုယ်တွေ့ပဲ” ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကမူ အခေါက်ရွှေမှလွဲပြီး ၁၅ ပဲရည်၊ ၁၄ ပဲရည် ရွှေများကိုလက်ခနှင့် လျော့တွက်တန်းဖိုးကို တွက်ချက်ဝယ်ယူခြင်းသာဖြစ်ပြီး‌ ဈေးနှိမ်ဝယ်ယူခြင်း မဟုတ်ကြောင်း ပြောဆိုသည်။

“ရွှေဝယ်ကတည်းက ဘောင်ချာမှာ တစ်ခါတည်း ရေးပေးလိုက်ပြီးသား။ လက်ခဘယ်လောက် လျော့တွက်က ဘယ်လောက်ဆိုတာကို။ အဲဒာကို နားမလည်ဘဲ ဈေးနှိမ်တယ်ပြောနေကြတာ” ဟု ၎င်းရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

ထားဝယ်ဒေသတွင် အလှူ၊ မင်္ဂလာပွဲတို့တွင် ဝတ်ဆင်ရန်အတွက် ၁၅ ပဲရည်ရွှေကို ဝယ်ယူလေ့ရှိပြီး ငွေလိုအပ်ပါက ပြန်ရောင်းချလေ့ရှိသည်။

အပိုဝင်ငွေရှိသူတို့ကမူ အခေါက်ရွှေကို ဝယ်စုတတ်ကြသည်။