ထားဝယ်တွင် လူငယ်တစ်ဦး ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ခံရ

0
206

ထားဝယ်၌ သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရရာတွင် ဖမ်းဆီးခံရသည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် ၂၈နှစ် ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။

ဟိန်းမင်းကိုကို (ခေါ်) ဟိန်းလွင်ထူးကို ထားဝယ်ထောင်တွင်း အထူးတရားရုံးက မတ်လ ၄ ရက်နေ့က ယင်းသို့အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

၂၀၂၁ ခုနှစ် မေလ ၁၁ ရက်က ဘုံမ္မော်ရပ်ကွက်တွင် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းစဉ် အဖမ်းခံရခြင်း ဖြစ်ပြီး ဟိန်းမင်းကိုကိုနှင့်အတူ ၁၅ ဦးအဖမ်းခံခဲ့ရကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟိန်းမင်းကိုကိုမှာ ဖမ်းဆီးခံရချိန် လက်မောင်း၊ ပေါင်နှင့် ခြေထောက်တို့တွင် ရော်ဘာကျည်နှင့် အနီးကပ် ပစ်ခံထားရခြင်းကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ကြောင်း ထောင်းအတွင်း ၎င်းနှင့် အတူနေခဲ့ရသည့် ထားဝယ်မှ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့က ပြောသည်။

အဖမ်းခံရသူ ၁၅ ဦးတွင် သုံးဦးကို နောက်ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၁၂ ဦးတွင် ၁၀ ဦးမှာ ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။

ဟိန်းမင်းကိုကိုတွင် မိဘများ မရှိသဖြင့် ရှေ့နေပါဝါလွှဲစာတွင် အဒေါ်ဖြစ်သူအား လက်မှတ်လာထိုးပေးရန် အခမဲ့ကူညီပေးမည့် အကျိုးဆောင်ရှေ့နေက ခေါ်ယူခဲ့သော်လည်း ရောက်မလာသဖြင့် ရှေ့နေမရှိဘဲ အမှုကို ကိုယ်တိုင်ရင်ဆိုင်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

“သူ့ကို ဖောက်ခွဲမှုပုဒ်မတွေ အများကြီးတပ်ထားတယ်။ ဘဏ်တွေမှာ ဗုံးခွဲတဲ့ကိစ္စတွေနဲ့ စွပ်စွဲထားတာတွေ ရှိတယ်။ မြဝတီဘဏ်ဗုံးခွဲတဲ့ကိစ္စတွေ၊ ကညနရုံးကို ဗုံးခွဲတဲ့ကိစ္စတွေနဲ့။ သူကလည်း ရှေ့နေမရှိဘူးဆိုတော့ ပြန်ပြီး မချေပတတ်ဘူးပေါ့လေ။ ရှေ့နေမရှိတော့ ပိုဆိုးတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

ကိုဟိန်းမင်းကိုကိုအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ် ၂နှစ်၊ ဖောက်ကွဲမှု ကျူးလွန်သည်ဆိုသည့် ပုဒ်မ သုံးခုအတွက် ၂၆ နှစ် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၂၈နှစ် အမိန့်ချမှတ် လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

ဟိန်းမင်းကိုကိုမှာ ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

ဟိန်းမင်းကိုကိုနှင့်အတူ ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးကိုလည်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရကြောင်း အထက်ပါကွန်ရက်ထံမှ သိရသည်။

ထားဝယ် ကြက်စားပြင်ရပ်ကွက်က ကိုထွန်းဦးကိုလည်း စစ်ကောင်စီက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားပြီး အခြား ထားဝယ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် တက္ကသိုလ်ကျောင်းသားများ၊ လူငယ်များ မှာလည်း ထောင်ဒဏ် ၇ နှစ်မှ ၁၁ နှစ်၊ ၁၉ နှစ် စသဖြင့် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခံထားရသည်။