မြိတ်တွင် ကိုဗစ်လူနာတစ်ဦး သေဆုံး၊ ကိုဗစ်ပိုးတွေ့သူလည်း ခြောက်ရာကျော်ပြီ

0
154
ပုံစာ - ကိုဗစ်ကြောင့် သေဆုံးသည့် အမျိုးသမီးကို မီးသင်္ဂြိုဟ်ရန် ယူဆောင်လာစဉ်/ဓာတ်ပုံ - မြိတ် Covid-19 ထိတွေ့လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့

မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်လူနာ အမျိုးသမီးတစ်ဦး ယနေ့ (မတ် ၅) နံနက်ပိုင်းက သေဆုံးကြောင်း ယင်းရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပေးသည့် နာရေးကူညီမှုအသင်းထံမှ သိရသည်။

အဆိုပါသေဆုံးသည့် အမျိုးသမီးသည် အသက် ၄၀ အရွယ်ဖြစ်ပြီး ရောဂါအခံရှိသူဖြစ်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုကာလတွင် ကိုဗစ်ရောဂါဖြင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသည့် ပထမဆုံး လူနာဖြစ်ပြီး ယင်းမတိုင်ခင် ဖေဖော်ဝါရီလအတွင်းကမူ သေဆုံးသူ အမျိုးသမီးတစ်ဦးကို ကိုဗစ်စစ်ဆေးရာ ပိုးတွေ့ခဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိကြောင်း နာရေးကူညီမှုအသိုင်းအဝိုင်းထံမှ သိရသည်။

မြိတ်မြို့တွင် ဖေဖော်ဝါရီအတွင်း ကိုဗစ်ပိုးတွေ့သူ ၄၆၅ ဦးရှိကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သည့် မြို့နယ်အလိုက် ကိုဗစ် ပိုးတွေ့/ သေဆုံးလူနာ စာရင်းအရ သိရသည်။

ဖေ‌ဖော်ဝါရီလတွင် ကိုဗစ်ပိုးတွေ့သူ အများဆုံးနေ့မှာ ‌၁၂ ရက်နေ့ဖြစ်ပြီး ၁၂၅ ဦး၊ ဒုတိယအများဆုံး‌နေ့ဖြစ်သည့် ၂၅ ရက်နေ့တွင် ၄၈ ဦး၊ တတိယ အများဆုံးနေ့ဖြစ်သည့် ၁၉ ရက်နေ့တွင် ၃၁ ဦးဖြစ်ကြောင်း ယင်းစာရင်းအရ သိရသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူတို့အနက် ပိုးကင်းစင်ပြီး ဆေးရုံမှ ဆင်းခွင့်ရသူ ၃၀၆ ဦးရှိကြောင်း ယင်းစာရင်းတွင် ဖော်ပြထားသည်။

မတ်လတွင်မူ ၁ ရက်နေ့တွင် ၁၅ ဦး၊ ၂ ရက်နေ့တွင် ၁၆ ဦး၊ ၃ ရက်နေ့တွင် ၂၁ ဦးနှင့် ၄ ရက်နေ့တွင် ၁၂ ဦး စုစုပေါင်း ၆၄ ဦးရှိကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။