၁၀ ရက်ကျော် ပျောက်ဆုံးနေသည့် PDF အဖွဲ့ဝင်၏ အလောင်း ပြန်တွေ့

0
222

တနင်္သာရီမြို့နယ် ပဝကျေးရွာတွင် PDF အဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို ပျောက်ဆုံးပြီး ၁၂ ရက်အကြာတွင် ပြန်တွေ့ကြောင်း ယင်းကျေးရွာနေသူအချို့ထံမှ သိရသည်။

ပဝကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အသက် ၃၀ နှစ်ကျော်အရွယ် PDF အဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေသည့် သတင်းကို ကြားသိခဲ့ရပြီး မတ်လ ၃ ရက်နေ့တွင် ရုပ်အလောင်းကို ပြန်တွေ့ကြောင်း ပဝရွာသားအချို့က ပြောသည်။

၎င်း၏ ရုပ်အလောင်းကို တိုက်ပွဲဖြစ်သည့်နေရာနှင့် အနည်းငယ်ဝေးသည့် ဥယျာဉ်ခြံတစ်ခုတွင် ခြံပိုင်ရှင် တို့က ပြန်တွေ့သဖြင့် ရွာသချိုင်းတွင် မြေမြှုပ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“သေတဲ့သူက သေနတ် (ကျည်) ထိထားတယ်” ဟု ၎င်းက ဆိုသည်။

ပဝကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပဝ၊ လယ်သစ်၊ သာရဖုံ ကျေးရွာအုပ်ရွာအုပ်စုတို့က ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိတော့သဖြင့် ဒေသခံအချို့ ရွာတွင် ပြန်လည် နေထိုင်နေကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။