မွန်တွင် ရော်ဘာဈေးတစ်ပေါင် ကျပ် ၁၃၀၀ ကျော်အထိ ဈေးကောင်းရ

0
502

မွန်ပြည်နယ်တွင် အဆင့်မြင့်ရော်ဘာ RSS-1 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ ကျော်အထိ ဈေးကောင်းရ နေကြောင်း ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။

လက်ရှိတွင် ရော်ဘာပြား အပါး ဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၁၃၀၀ ကျော် ဈေးရှိနေပြီး တစ်နေလှန်းဟုခေါ်သည့် အထူရော်ဘာပေါက်ဈေး တစ်ပေါင်လျှင် ကျပ် ၁၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ယခုနှစ် ရော်ဘာဈေးသည် ရော်ဘာရာသီအစ စက်တင်ဘာလခန့်က ဈေးကောင်းရရှိခဲ့ပြီး ဒီဇင်ဘာလ ခန့်တွင် ဈေးပြန်ကျသွားခဲ့ရာမှ ယခုအခါ ဈေးပြန်လည် မြင့်တက်လာကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဒီနှစ်ရော်ဘာဈေးက မနှစ်ကနဲ့စာရင် နှစ်ဆလောက် ဈေးတက်သွားတယ်။ အခု တစ်နေလှန်းကို ၁၀၀၀ တောင် ဈေးရနေတယ်” ‌ဟု မုဒုံမြို့နယ်မှ ရော်ဘာခြံပိုင်ရှင် ဒေါ်စန်းအေးက ပြောသည်။

ယမန်နှစ် ရော်ဘာရာသီကာလတွင်မူ ရော်ဘာဈေးနှုန်း တစ်ပေါင်လျှင် ကျပ် ၅၀၀ အောက်အထိ ဈေးကျခဲ့ကြောင်း ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ရော်ဘာဈေးသည် ၂၀၁၁ ခုနှစ်ခန့်က တစ်ပေါင်လျှင် ၁၈၀၀ ကျပ်အထိ အမြင့်ဆုံးဈေးတက်ခဲ့ပြီးနောက် ရော်ဘာဈေး ဆက်တိုက်ကျဆင်းခဲ့ပြီး တစ်ပေါင်လျှင် ကျပ် ၅၀၀ အောက်အထိ ဈေးကျသွားခဲ့သည်။

ယခုနှစ်တွင်သာ ရော်ဘာ ဈေးကောင်း ပြန်ရလာခြင်းဖြစ်သည်။

ထိုင်းရော်ဘာဈေးကွက် ကမ္ဘာ့ရော်ဘာဈေး ပြန်မြင့်လာသည့်အတွက် ပြည်တွင်းရော်ဘာဈေးလည်း ပြန်တက်လာသည့် သဘောရှိကြောင်း ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး ပြည်နယ် တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ၅ သိန်းခန့်ရှိကာ၊ ဧက ၃ သိန်းကျော် ရော်ဘာထုတ်လျက် ရှိနေသည်။

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးရာ အများဆုံးဒေသတစ်ခုဖြစ်ပြီး အများစုသည် အသေးစား ရော်ဘာ စိုက်ပျိုးသူများဖြစ်သည်။

ပြည်နယ်တစ်ခုလုံးရှိ ရော်ဘာလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစား စိုက်ပျိုးသူများဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်းများအသင်းထံမှ သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့် ရော်ဘာများသည် ကုန်ချောထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာများနှင့် ရင်းနှီးမြုပ်နှံမှု မရှိသည့်အတွက် ပြည်ပသို့ ကုန်ကြမ်းအဖြစ်သာ တင်ပို့နေရဆဲဖြစ်သည်။

ထိုသို့တင်ပို့ရာတွင်လည်း အရည်အသွေးနိမ့်ကျမှုကြောင့် ဈေးကောင်း မရရှိသည့် အနေအထား ရှိနေသည်ဟုလည်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်းများအသင်းထံမှ သိရသည်။