တက္ကသိုလ်ကျောင်းသူနှစ်ဦး ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံရ

0
237

တက္ကသိုလ်ကျောင်းသူနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတပ် ဖမ်းဆီးတရားစွဲကာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်ကြောင်း ၎င်းတို့နှင့် ဆွေမျိုးနီးစပ်သူ အချို့ထံမှ သိရသည်။

၎င်းတို့မှာ ထားဝယ်တက္ကသိုလ်က အင်္ဂလိပ်စာ ပထမနှစ်ကျောင်းသူ အသက် ၁၉ နှစ်အရွယ်ရှိ မအိခြူးခြူးမော်နှင့် နယ်စပ်ဒေသ တိုင်းရင်းသားဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ပထမနှစ်ကျောင်းသူ အသက် ၂၀ အရွယ်ရှိ မလင်းလက်ကြည်တို့ ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က နေအိမ်အသီးသီးသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီး သွားပြီး မေတ္တာရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ကြောင်း ဆွေမျိုးနီးစပ်သူအချို့ထံမှ သိရသည်။

ယင်းနောက် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထားဝယ်မြို့နယ် တရားရုံး၌ ရုံးထုတ်ပြီး ထားဝယ် အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဖေဖော်ဝါရီလထဲမှာတော့ တစ်ပတ်တစ်ခါနဲ့ နှစ်ကြိမ်တွေ့ခွင့်ရတယ်။ ၁၆ ရက်နေ့ အမိန့်ချမယ်ပြောလို့ သွားတွေ့တော့ တွေ့ခွင့် မရတော့ဘူး” ဟု ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါတက္ကသိုလ် ကျောင်းသူနှစ်ဦးသည် KBZ pay ဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ငွေကျပ် ငါးထောင်စီ လစဉ်လှူဒါန်းထားသည်ကို ဖမ်းဆီးခံရပြီးနောက် ရဲက စစ်ဆေးတွေ့ရှိခဲ့ကြောင်း မိသားစုဝင် တစ်ဦးက ပြောသည်။

သို့သော် ယင်းသို့လှူဒါန်းမှုကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ခ) တပ်ပြီး တရားစွဲဆိုကာ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလှူတစ်ခု လှူတာကို အပြစ်ဆိုပြီးထောင်ချတော့ ဘာသာတရားကို အပြစ်တင်ရမလား။ ရင်ထဲမှာတော့ မကောင်းဘူး” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။

တက္ကသိုလ်ကျောင်းသူနှစ်ဦး လှူဒါန်းငွေကို လက်ခံသူ ဦးစွာဖမ်းမိထားပြီး ၎င်းသည် PDF အဖွဲ့များ အပါအဝင် အဖွဲ့အစည်းများစွာကို ထောက်ပံ့ကူညီနေသူဖြစ်သဖြင့် အထက်ပါ ပုဒ်မဖြင့် တရားစွဲခြင်းဖြစ် သည်ဟု ရဲဖက်က ပြောဆိုထားကြောင်း ဆွေမျိုးနီးစပ်သူအချို့၏ ပြောပြချက်အရသိရသည်။

ပုဒ်မ ၅၂ (ခ) ၏ အဓိပ္ပါယ်မှာ အကြမ်းဖက်အဖွဲ့များကို ငွေကြေးထောက်ပံ့ကူညီလျှင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ချမှတ်မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

အထက်ပါ ကျောင်းသူနှစ်ဦးကို အမြင့်ဆုံး ထောင်ဒဏ် ချမှတ်ထားခြင်းလည်း ဖြစ်သည်။