မြိတ်ရော်ဘာဈေး တစ်ပိဿာလျှင် လေး‌ထောင်ကျပ်နီးပါးအထိ ဈေးရ

0
277
ရော်ဘာမှသည် အခြားဆီသို့

မြိတ်မြို့ ရော်ဘာဈေးကွက်အတွင်း တစ်ပိဿာလျှင် ရာသီအဖွင့်ဈေး ကျပ် ၃၅၀၀ ဈေးရှိရာမှ လက်ရှိတွင် လေး‌ထောင်ကျပ်နီးပါးအထိ ဈေးရနေကြောင်း ရော်ဘာခြံလုပ်လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

ရော်ဘာဈေးနှုန်းတို့မှာ ရာသီအဖွင့် စက်တင်ဘာလအတွင်းက ရော်ဘာမှိုင်းခံအဆင့် (၃) ၊ နေလှန်းပြား ခေါင်းဝိုင်း၊ အစေးရည်၊ ခွက်လုံး၊ ခွက်ခဲ (အသန့်) တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ဈေးရခဲ့ကြောင်း ရော်ဘာခြံ လုပ်ကိုင်သူအချို့ထံမှ သိရသည်။

ယင်းနောက် ဒီဇင်ဘာလအတွင်း တစ်ပိဿာလျှင် ငါးရာကျပ်ဝန်းကျင် ဈေးကျဆင်းခဲ့ပြီးနောက် လက်ရှိတွင် တစ်ပိဿာလျှင် လေးထောင်ကျပ်နီးပါးအထိ ဈေးပြန်လည်ရရှိနေခြင်းဖြစ်ကြောင်း ရွှေဒူးကျေးရွာရှိ ရော်ဘာခြံလုပ်ကိုင်သူအချို့က ပြောသည်။

လက်ရှိ ရော်ဘာဈေးနှုန်းတို့မှာ ရော်ဘာမှိုင်းခံအဆင့် (၃) ၊ နေလှန်းပြား ခေါင်းဝိုင်းတစ်ပိဿာလျှင် ၃၉၀၀ ကျပ်၊ အစေးရည် တစ်ပိဿာတွင် ၃၈၀၀ ကျပ် ဈေးရကြောင်း ရော်ဘာအဝယ်ဒိုင် အသိုင်းအဝိုင်းထံမှ သိရသည်။

ခွက်လုံး၊ ခွက်ခဲ (အသန့်) တစ်ပိဿာလျှင် ၃၆၀၀ ကျပ်၊ ဂေါ်လီချေး/ ချေးခွက်ကပ် (အခြောက်) တစ်ပိဿာ ၁၅၅၀ ကျပ် အသီးသီးရရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဈေးကောင်းရမှပဲ တစ်ပိုင်တစ်နိုင် လုပ်တဲ့သူတွေ တွက်ခြေကိုက်မယ်” ဟု ရွှေဒူးကျေးရွာရှိ ရော်ဘာခြံလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ ရွှေဒူးရွာနှင့် အနီးတဝိုက်ကျေးရွာတို့ရှိ ရော်ဘာခြံတို့တွင် ရော်ဘာခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ်တို့ကို အများဆုံး ပြုလုပ်ရောင်းချလေ့ ရှိကြကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူများထံမှ သိရသည်။