မွန်တွင် ကိုဗစ်ကူးစက်မှု ဆက်တိုက်တွေ့၊ ၁၄ ရက်အတွင်း ပိုးတွေ့သူ လေးရာကျော်ပြီ

0
246
ပုံစာ - ကိုဗစ်ဒုတိယလှိုင်းတွင် ကိုဗစ်လူနာအရေးဆောင်ရွက်သူများကို တွေ့ရစဉ်။

မွန်ပြည်နယ်တွင် ယခုလအတွင်း ကိုဗစ်ကူးစက်မှုများ ဆက်တိုက် တွေ့လာပြီး ဖေဖော်ဝါရီလအတွင်း ပိုးတွေ့ရှိသူ လေးရာကျော်သွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လလယ်ခန့်မှစတင်ကာ ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျလာခဲ့ရာမှ ဒီဇင်ဘာလဆန်းပိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာများ ပြန်လည်တွေ့ရှိလာသည်။

ဖေဖော်ဝါရီလတွင်မူ ပိုးတွေ့လူနာ ဆက်တိုက်တွေ့ရှိလာခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် အခြေခံပညာစာသင်ကျောင်းများတွင် ကိုဗစ်ကူးစက်ခံရမှု အစုလိုက်အပြုံလိုက် တွေ့ရှိနေပြီး ရပ်ကွက်အတွင်း၌လည်း ကိုဗစ်ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။

“ဒီတလောမှာ ပိုးတွေ့လူနာတွေ ပြန်များလာတာ တွေ့ရတယ်။ ကျောင်းတွေမှာလည်း ကိုဗစ် ကူးစက်ခံရမှုက အစုလိုက်ကို တွေ့ရှိနေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ တာဝန်ရှိသူက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ် ပိုးတွေ့လူနာ ၅၇ ဦးရှိပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပိုးတွေ့လူနာ ၄၀၀ ကျော်နေပြီ ဖြစ်သည်။

ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာသဖြင့် မပေါ့ဆကြရန်၊ ကျန်းမာရေးအသိရှိကြရန်၊ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန် ကျန်းမာရေးတာဝန်ရှိသူတို့က ပြောဆိုသည်။

“ဖျားနာတဲ့လူတွေလည်း များနေတော့ အထူးသတိထားဖို့လိုတယ်။ ရိုးရိုးဖျားတာပဲဆိုပြီး ပေါ့ဆလို့မရဘူး” ဟု မော်လမြိုင်မြို့တွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက် ရှိခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၁၇၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၄၀၀ ကျော် ရှိပြီဖြစ်သည်။