မြိတ်တွင် ကြံဈေး ယမန်နှစ်ထက် ဈေးကောင်းရ

0
420

မြိတ်မြို့နယ်တစ်ဝိုက်က ထွက်ရှိသည့် ကြံများ ယမန်နှစ်ကထက် ယခုနှစ်တွင် ဈေးပိုရလာကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။

ယမန်နှစ်က (၁၁ ချောင်းပါ) ကြံတစ်စည်းလျှင် ကျပ်သုံးထောင်ဝန်းကျင်ရှိခဲ့ရာမှ ယခုနှစ်တွင် ကြံတစ်စည်း ကျပ်ရှစ်ထောင်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ကြံစိုက်တောင်သူများက ပြောသည်။

ပြီးခဲ့သည့်နှစ်က ကိုဗစ်ကပ်ရောဂါကြောင့် မြို့ပေါ်တွင် ရောင်းချနေသည့် လဖက်ရည်ဆိုင်၊ အအေးဆိုင်များ ရပ်နား ပိတ်သိမ်းသည်အထိ ဖြစ်ခဲ့ရပြီးနောက် ဈေးကွက်အတွင်း ကြံဝယ်ယူသူနည်းပါးခဲ့ကြောင်း ကြံစိုက် တောင်သူများက ဆိုသည်။

“ကိုဗစ်ဖြစ်လိုက်တော့ ပုံမှန်ဈေးကွက်က ပျက်သွားပြီး ကြံစိုက်သူ တော်တော်များများ အရှုံးပေါ်ကြတယ်။ တချို့ဆို ရန်ကုန်သကြားစက်ရုံအထိ တင်ပို့ပြီး ရောင်းလိုက်ရတယ်။ စရိတ်စကနဲ့ မကိုက်ဘူး” ဟု မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စုမှ ကြံစိုက်တောင်သူ ကိုဇော်က ပြောသည်။

ယခုနှစ်တွင် အထက်ပါ လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီဖြစ်သဖြင့် ကြံ ဈေးကောင်းရလာခြင်း ဖြစ်ကြောင်း ကြံစိုက်တောင်သူများထံမှသိရသည်။

မြိတ်မြို့ပေါ်တွင် ကြံရည်များကို ကြိတ်စက်တင်ထားသည့် ကားငယ်များ၊ ဘေးတွဲဆိုင်ကယ်များဖြင့် တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံရောင်းချနေကြပြီး ပြီးခဲ့သည့်လက ကြံရည်တစ်ခွက် ကျပ်သုံးရာ ဖြင့် ရောင်းချနေရာမှ လက်ရှိအချိန်တွင် ကျပ်လေးရာဖြင့် ရောင်းချလျှက်ရှိကြောင်း စားသုံးသူ၊ ရောင်းချသူများ ထံမှ သိရသည်။

ကြံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး အများအားဖြင့် နွေရာသီတွင် ခုတ်ယူရောင်းချကြကြောင်း တောင်သူများထံမှ သိရသည်။

“ရှစ်လလောက်တော့ စိုက်ရတယ်။ အရင်းအနှီးကတော့ သိပ်မရှိဘူး။ လုပ်နိုင်ဖို့ပဲ လိုတယ်” ဟု ကိုဇော်က ပြောသည်။

ကိုဗစ်ကပ်ဘေး ကာလမတိုင်ခင်က ကြံတစ်ဧက စိုက်ပျိုးလျှင် အနည်းဆုံး သိန်းခြောက်ဆယ် ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိသည်ဟုလည်း စိုက်ပျိုးသူများက ပြောဆိုကြသည်။