မြိတ်တွင် ယခုနှစ် စပါးထွက်နှုန်းလျော့သဖြင့် လယ်သမားများအရှုံးပေါ်

0
288

မြိတ်မြို့နယ်တွင် ယခုနှစ် စပါးအထွက်နှုန်း လျော့ကျပြီး စရိတ်များ ကြီးမြင့်မှုကြောင့် တောင်သူ လယ်သမားများ အရှုံးပေါ်ကြောင်း စပါးစိုက်တောင်သူလယ်သမားများထံမှ သိရသည်။

ဝတ်ပန်းလန်းချိန် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရိတ်သိမ်းချိန်တွင် ပြီးခဲ့သည့် နှစ်ကထက် စပါးလျော့ကျခဲ့ရကြောင်း ၎င်းတို့က ပြောသည်။

ပြီးခဲ့သည့်နှစ်က စပါးတင်း တစ်ထောင်ထွက်ခဲ့သည့် လယ်မြေမှာ ယခုနှစ်တွင် တင်းရှစ်ရာခန့်သာ ထွက်တော့ကြောင်း မြိတ်မြို့နယ် သစ်ရာဝကျေးရွာမှ လယ်သမား ဦးအေးမင်းက နှိုင်းယှဉ်ပြောသည်။ ၎င်းသည် လယ်ဧက ၃၀ စိုက်ပျိုးထားသူဖြစ်သည်။

“ဆယ့်တစ်လပိုင်း (နိုဝင်ဘာ) နောက်ဆုံးအပတ်အထိ မိုးကရွာလိုက်တာ လယ်သမားတွေ တော်တော် ခံလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

သစ်ယာဝရွာနည်းတူ မြိတ်မြို့နယ်အတွင်းရှိ တစ်ခြားရွာများတွင်လည်း ယခုနှစ် စပါးလျော့ကျခဲ့ကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။

နှစ်စဉ်ပုံမှန် စပါးတင်း ငါးရာ ထွက်ရှိရာမှ ယခုနှစ်တွင် စပါးတင်းလေးရာခန့်သာ ထွက်တော့ကြောင်း မြိတ်မြို့နယ် တောင်ရှည်ကျေးရွာက လယ်သမား ဦးတင်ဦးက ပြောဆိုသည်။

ယင်းအပြင် စပါးစိုက်ပျိုးရန်အတွက် သူရင်းငှါးခ၊ စားစရိတ်၊ ရိတ်သိမ်းခ၊ ဓါတ်မြေဩဇာ စသည့် လုပ်အားခနှင့် သွင်းအားစုများ ဈေးနှုန်းကြီးမြင့်လာသည့်အတွက်လည်း ယခုနှစ်စပါးပေါ်ချိန်တွင် အရှုံးဖြင့် ရင်ဆိုင်ရကြောင်း စပါးစိုက်တောင်သူများက ပြောသည်။

ယခင်နှစ်က ဓါတ်မြေဩဇာတစ်အိပ် ကျပ် သုံးသောင်းကျော်ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ငါးသောင်းကျော် ပေးဝယ်ခဲ့ရပြီး ရိတ်သိမ်းခလည်း ယခင် ၁ နာရီ ကျပ် ငါးသောင်းဈေးရှိရာမှ ယခုနှစ်တွင် စက်သုံးဆီ ကြီးမြင့်မှုကြောင့် တစ်နာရီ ခြောက်သောင်းကျော် ဈေးပေါက်သွားကြောင်း လယ်သမားများက ပြောပြသည်။

“ဒီအလုပ်က လုပ်စားလို့ မကောင်းတော့ဘူး” ဟု လယ်သမား ဦးတင်ဦးက ညည်းသည်။

ပြီးခဲ့သည့်နှစ်က ဆန်ကြမ်း စပါးတစ်တင်း ခြောက်ထောင် ဈေးပေါက်ခဲ့ရာမှ ယခုစပါးပေါ်ချိန်တွင် ခြောက်ထောင်ရှစ်ရာကျပ် ဈေးပေါက်နေကြောင်း တောင်သူလယ်သမားများက ပြောပြသည်။

မြိတ်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူသုံးထောင်ကျော်နှင့် လယ်ဧကပေါင်း လေးသောင်း ကျော် ရှိကြောင်း မြိတ်မြို့နယ် လယ်ယာနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။