ထိုင်းရောက် မြန်မာလုပ်သားများကို CI လက်မှတ် သက်တမ်းစတိုးပေး

0
354

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သက်သေခံလက်မှတ် Certificate of Identity အား ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်ကာ သက်တမ်း တိုးပေးနေကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ခုနှစ်က သက်တမ်းလေးနှစ်ရှိ CI လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ CI လက်မှတ်များမှာ သက်တမ်းကုန်ဆုံးခါနီးပြီဖြစ်သည့်အတွက် ထိုင်းနိုင်ငံရှိ ခရိုင် ငါးခုတွင် ရုံးဖွင့်လှစ်ပြီး သက်တမ်းတိုးပေးနေခြင်းဖြစ်ကြောင်း သံအရာရှိရုံးက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်းခရိုင်များတွင် ဖွင့်လှစ်ထားပြီး ယခုနှစ် ဇူလိုင်လအထိ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။

CI လက်မှတ် သက်တမ်းတိုးရာတွင် စာအုပ်ဖိုး ထိုင်းဘတ်ငွေ ၃၀၀ နှင့် ဝန်ဆောင်ခ ၁၀ ဘတ်သာ Seven Eleven ဆိုင်များတွင် တရားဝင် ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

CI သက်တမ်းတိုးရာတွင် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြား Overseas Worker Identification Card (OWIC) ကိုလည်း စိစစ်ထုတ်ပေးမည်ဖြစ်‌ကြောင်း ထုတ်ပြန်ထားသည်။

CI သက်တမ်းတိုးစာအုပ်နှင့် OWIC ကတ် ရရှိပြီးပါက နေထိုင်ခွင့် (Visa) နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်းရောင်ကတ်) မရှိသေးသူများက CI ရုံးရှိ ထိုင်းနိုင်ငံဘက်က ဖွင့်လှစ်ထားသည့် ကောင်တာများတွင် ဆက်လက်လျှောက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားများကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက ယာယီအလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ထိုင်းအစိုးရက လုပ်ပေးရာတွင် CI မရှိသူများကိုလည်း ထုတ်ပေးထားကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ခဲ့ဖူးသူ တစ်ဦးက ပြောသည်။

အဆိုပါ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများမှာ CI လက်မှတ်အသစ် လျှောက်ထားနိုင်မည် မဟုတ်သေးပေ။

လက်ရှိလုပ်ဆောင်ပေးနေသည်မှာ CI လက်မှတ်ရှိပြီးသူများကိုသာ သက်တမ်းတိုးပေးနေခြင်းဖြစ်ပြီး အသစ်လုပ်ပေးမည် မဟုတ်သေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိတစ်ဦးက Dawei Watch သို့ ပြောသည်။

“အဲဒီလူတွေက အခုချိန်မှာ မပါသေးဘူး။ အခုက ၂၀၁၇ တုန်းက CI ထုတ်ပေးထားတဲ့သူတွေကိုပဲ သက်တမ်းတိုးပေးတယ်။ နောက်ပိုင်း ပါမယ် မပါဘူးဆိုတာက နှစ်နိုင်ငံညှိနှိုင်းပြီးမှ သိရမယ်” ဟု ၎င်းက ဆိုသည်။

CI သက်တမ်းတိုးရာတွင် သတ်မှတ်နှုန်းထားထက် ပိုမိုကုန်ကျမှု မရှိစေရန် ပွဲစားဖြင့်ဆောင်ရွက်ခြင်း မပြုဘဲ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း သံအရာရှိရုံးက နှိုးဆော်ထားသည်။

၂၀၁၇ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ CI လက်မှတ် ၁၀ သိန်းကျော်ထုတ်ပေးထားကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။