တနင်္သာရီ တကူရွာတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ပစ်ခတ်မှုဖြစ်

0
335

တနင်္သာရီမြို့နယ် တကူရွာတွင် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က တကူသံတိုက်ကမ်းနားတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်နှင့် မြစ်တဖက်ကမ်းရှိ PDF တပ်ဖွဲ့တို့ မိနစ် ၂၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း တကူရွာသားများက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဖက်က နှစ်ဦးဒဏ်ရာရသည်ဟု ရွာသားအချို့က ပြောသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပါ။

ယင်းနေ့က မွန်းတည့်အချိန်ကလည်း တကူရွာသို့ စစ်လေယာဉ်တစ်စီး ပျံဝဲကာ ခဲ့သေးကြောင်း တကူရွာသားများက ဆိုသည်။

တကူကျေးရွာရှိ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF များ ဝင်ရောက် ဖျက်ဆီးပြီး နှစ်ရက်အကြာ ဇန်နဝါရီလ ၅ ရက်တွင် စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးသည် တကူကျေးရွာအနီးအနားရှိ တောင်များပေါ်တွင် တစ်နေ့လုံး ပျံဝဲနေခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် ဇန်နဝါရီလ ၆ရက်တွင် စစ်ကောင်စီတပ်များသည် တကူရွာရှိရွာသားများအား ခေါ်ဆောင်ကာ PDF များကို တောနင်းရှာဖွေခဲ့ပြီး ဥယျာဉ်ခြံအတွင်းရှိ တဲအိမ်များကိုလည်း ဖျက်ဆီးခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

ယင်းသို့ ရှာဖွေရာ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ရွာသားများမှာ မြို့ပေါ်များနှင့် နီးစပ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။ တကူကျေးရွာသည် အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် ရွာကြီးဖြစ်သည်။

ယင်းရွာအနီးဝန်းကျင်က သရဘွင်ရွာနှင့် ဝမ်းနာရွာရှိ မိုင်တဲတာဝါတိုင်ကိုလည်း PDF များက မီးရှို့ဖေါက်ခွဲခဲ့သည်။