မြိတ်တွင် အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးခံရ

0
811

မြိတ်မြို့တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်မြို့ ပါရမီရပ်ကွက်တွင် နေထိုင်သူ မသဲပွင့်ဖြူနှင့် မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ မမီးညို (ခေါ်) မမိုးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၈ ရက်ညတွင် နေအိမ်သို့ လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။

မသဲပွင့်ဖြူနှင့် မမီးညိုတို့မှာ သူငယ်ချင်းများဖြစ်ပြီး ရွာတစ်ရွာသို့ ညအိပ်သွားရောက်လည်ပတ်ပြီးနောက် မြိတ်မြို့သို့ ပြန်ရောက်သည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

PDF များနှင့် အဆက်အသွယ်ရှိသည်ဟု သံသယဖြင့် ဖမ်းဆီးသွားခြင်းဖြစ်နိုင်ကြောင်း အဆိုပါ အမျိုးသမီးငယ်နှစ်ဦးနှင့် နီးစပ်သူတစ်ဦးက ယူဆသည်။

မသဲပွင့်ဖြူသည် ပြီးခဲ့သည့် မတ်လတွင် ဆန္ဒပြသဖြင့် ရော်ဘာကျည်ဖြင့် နှစ်ချက်ပစ်ခတ် ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ယင်းနောက် အာဏာဖီဆန်ရေး ဆန္ဒထုတ်ဖော်မှုကြောင့် ထပ်မံဖမ်းဆီးခံရကာ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂နှစ် ချမှတ်ခံခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မမီးညိုမှာမူ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း မရှိသူဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါအမျိုးသမီးငယ်နှစ်ဦးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သိရှိရန် မိသားစုဝင်များက လိုက်လံစုံစမ်းနေကြောင်း အဖမ်းခံရသူတို့နှင့် နီးစပ်သူများက ပြောသည်။

မမီးညို ဖမ်းဆီးခံရမှု၊ မသဲပွင့်ဖြူ ထပ်မံဖမ်းဆီးခံရမှုတို့နှင့် ပတ်သက်သည့် အကြောင်းအရင်းကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။