စော်ဖျားတွင် အမျိုးသားတစ်ဦး အသတ်ခံရ

0
229

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် အမျိုးသားတစ်ဦး ယနေ့ (ဇန်နဝါရီ ၄) နေ့လယ်ပိုင်းက အသတ်ခံရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

အသက် ၄၅ နှစ်ခန့်ရှိ ဦးဘိတ် (ခေါ်) ဦးဝင်းချိုမှာ စော်ဖျားရွာတောင်ဘက်ရှိ ကျောက်လှေကားရွာကို သွားစဉ် လမ်းပိုင်းတစ်နေရာတွင် အမည်မသိအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး တောတွင်းတစ်နေရာတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားမှာ လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အသတ်ခံရသူ အမျိုးသားမှာ ဒလန်ဟု အထက်ပါရွာသားက ပြောဆိုသလို အခြား ရွာခံအမျိုးသမီး နှစ်ဦးကလည်း အသတ်ခံရသူမှာ ဒလန်ဟု ကျော်ဇောသူဖြစ်ကြောင်း ပြောဆိုသည်။

စော်ဖျားရွာက အခြားဒေသခံရွာသားတစ်ဦးကမူ သေဆုံးသူအမျိုးသားမှာ အရန်မီးသတ်တပ်ဖွဲ့တွင် တပ်ကြပ်အဆင့်ဖြင့် ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပျူစောထီးအဖွဲ့နှင့်လည်း လုံးဝ မသက်ဆိုင်ကြောင်း ပြောသည်။

ကျေးရွာထဲတွင် နေထိုင်ရန် မလုံခြုံတော့ဟု ခံစားရကြောင်းလည်း ၎င်းက ဆိုသည်။

အသတ်ခံရသူ အမျိုးသားကို ဒလန်ဖြစ်သည်၊ ဒလန်မဟုတ် စသဖြင့် ဒေသခံများက ပြောဆိုမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

ဒီဇင်ဘာလ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က စော်ဖျားကျေးရွာအုပ်စု၊ မိုးရွှေကူကျေးရွာလမ်းထိပ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ ကင်းလှည့်လာသည့်ကားကို Dawei Defense Force အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။