ခရီသည်တင်ကား သုံးစီး ပစ်ခတ်ခံရ၊ သုံးဦး ဒဏ်ရာရ

0
387

မြိတ်ဘက်မှ ထားဝယ်ဘက်သို့ မောင်းလာသည့် ခရီသည်တင်ကား သုံးစီး သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာအနီးတွင် ယနေ့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သုံးဦး ဒဏ်ရာရကြောင်း ကားသမားတစ်ဦးနှင့် ခရီးသည်အချို့က ပြောသည်။

ရွှေမန္တလေး၊ ရတနာတိုး၊ အန်တီဝင်း စသည့် ခရီးသည်တင်ကားသုံးစီး ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၄ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းပစ်ခတ်ခံရခြင်းကြောင့် ရွှေမန္တလေးခရီးသည်တင်ကား ယာဉ်မာင်းတွင် ပြင်းထန်ဒဏ်ရာရပြီး ရတနာတိုးခရီးသည်တင်ကားတွင်လိုက်ပါလာသည့် ခရီးသည်နှစ်ဦးတွင်လည်း သေနတ်ဒဏ်ရာရကြောင်း ၎င်းတို့ထံမှ သိရသည်။

အန်တီဝင်းကားတွင်မူ ခရီးသည် ထိခိုက်မူမရှိဘဲ ကားကို သေနတ် ဆယ်ချက်ခန့် ထိမှန်ကြောင်း ယင်းကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကားသမားတစ်ဦးကမူ “ရွှေမန္တလေးကားရဲ့ ဒရိုင်ဘာမှာတော့ နားထင်ရှပ်ပြီး ထိသွားပြီးတော့ ဆေးရုံတင်လိုက်တယ်။ အသက်အန္တရာယ်ကတော့ ငါးဆယ်၊ ငါးဆယ်ပဲ”ဟု ယနေ့ နံနက် ၁၁ နာရီတွင်ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကိုယ်တိုင်ကြုံခဲ့ရသည့် ကားသမားတစ်ဦးကမူ မဏ္ဌပ်ကျေးရွာတွင် တစ်ညအိမ်ရပ်နားပြီး နံနက်လေးနာရီကျော်တွင် ထွက်ခွာလာရာ ဝင်းဝရွာ‌အလွန် ပိတိုင်ရွာထိပ်အရောက်တွင် သေနတ်ပစ်ခတ်သံများကြားရကြောင်း ပြောဆိုသည်။

မည်သူတို့က ပစ်ခတ်သည်ကိုမူ မသိရကြောင်း ၎င်းကဆိုသည်။

”ဘယ်သူတွေ ပစ်တာလည်းဆိုတာတော့ မသိဘူး။ သေနတ်ပစ်ပြီဆိုတာနဲ့ ကြောက်ကြောက်နဲ့ မောင်းပြေးလာတာ” ဟု ၎င်းက ဆိုသည်။

ကားများမှာ ထားဝယ်သို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း ကားသမား အချို့ထံမှ သိရသည်။