တနင်္သာရီတိုင်းတွင် ပြင်သစ်နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုအပါအဝင် ဟိုတယ်လုပ်ငန်းသုံးခု ခွင့်ပြု

0
284
တီဇစ်ကျေးရွာအုပ်စုရှိ ဖိုးလမော်ကမ်းခြေအား တွေ့ရစဉ်

စစ်ကောင်စီလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း ပြင်သစ်နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုအပါအဝင် ဟိုတယ်လုပ်ငန်း သုံးခုကို ခွင့်ပြုပေးလိုက်ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ သိရသည်။

လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ၊ ထားဝယ်မြို့နယ် အမြားကျေးရွာနှင့် ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာတို့တွင် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။

ယင်းဟိုတယ်လုပ်ငန်းသုံးခုကို ယခုလအတွင်း ခွင့်ပြုပေးကြောင်း ကော်မတီအတွင်းရေးမှူးက ဆိုသည်။

လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာတွင် ပြင်သစ်နိုင်ငံသားပိုင် Myanmar Beach Hotel ကုမ္ပဏီအား မြေအကျယ်အဝန်း လေးဧကကျော်တွင် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

အဆိုပါ ပြင်သစ်နိုင်သားပိုင်ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုပမာဏမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၇၉ သန်း ဖြစ်ကြောင်း အဆိုပါကော်မတီစာရင်းအရ သိရသည်။

Myanmar Beach Hotel ကုမ္ပဏီကို ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် စတင်မှတ်ပုံတင်ထားကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဆိုဘ်တွင် ဖော်ပြထားသည်။

ထို့အပြင် Kento Trading ကုမ္ပဏီအား ထားဝယ်မြို့နယ် အမြားကျေးရွာအုပ်စု (ထီးခီး) ရှိ မြေ ၁၀ ဧကပေါ်တွင် ဟိုတယ်လုပ်ငန်းလုပ်ရန် ခွင့်ပြုပေးလိုက်ကြောင်း တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ဆိုသည်။

အထက်ပါကုမ္ပဏီကိုပင် ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာရှိ မြေ ကိုးဧကပေါ်တွင် ဟိုတယ်လုပ်ငန်းလုပ်ရန်လည်း ခွင့်ပြုလိုက်ကြောင်း ၎င်းက ပြောသည်။

Kento Trading ကုမ္ပဏီမှာ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်ပြီး အမြားကျေးရွာ ဟိုတယ်စီမံကိန်းအတွက် ငွေကျပ်သန်း ၂၀၀၀ နှင့် စူငယ်ဘာလိုင်းကျေးရွာ စီမံကိန်းတွင် ၁၀၅၀ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။

အဆိုပါကုမ္ပဏီလုပ်ကိုင်မည့် မြေနေရာများမှာ ယခင်အစိုးရလက်ထက်ကတည်းက မြေလွတ်မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့်ရရှိထားပြီးဖြစ်ကြောင်း အဆိုပါကော်မတီ အတွင်းရေးမှူးက ဆိုသည်။

“မြေလွတ်မြေလပ်လုပ်ပိုင်ခွင့် သူ့မှာရှိတယ်။ ကျန်တဲ့ကိစ္စတွေကို ဥပဒေအရ မြန်မြန် အကောင်အထည်ဖော်လို့ ရသွားတာပေါ့” ဟု ၎င်းက ပြောသည်။

Kento Trading ကုမ္ပဏီအား ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် စတင်မှတ်ပုံတင်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဆိုဘ်တွင် ဖော်ပြချက်အရ သိရသည်။

တနင်္သာရီတိုင်းတွင် အမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်) ငွေကျပ် သန်း ၆၀၀၀ အထိ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင် (အတည်ပြုမိန့်) သည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ(TRIC) ကို ၂၀၁၇ ခုနှစ် ဇူလိုင်လက ဖွဲ့စည်းထားသည်။

ကော်မတီစတင်ဖွဲ့စည်းချိန်ကတည်းက ဝန်ကြီးချုပ်က ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။