သရက်ချောင်းနှင့် ပလောက်နယ်မြေကို ည ၇ နာရီနောက်ပိုင်း လုံးဝ မသွားကြရန် တားမြစ်

0
312

ခရီးသည်တင်ကား ပစ်ခတ်ခံရပြီးနောက် သရက်ချောင်းနှင့် ပလောက်နယ်မြေကို ခရီးသွားပြည်သူများနှင့် ခရီးသည်တင်ကားများ၊ ကုန်စည်ပို့ဆောင်ရေးကားများအားလုံး ည ၇နာရီ နောက်ပိုင်း လုံးဝ မသွားလာကြရန် တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ယနေ့ (ဒီဇင်ဘာ ၂၄) တားမြစ်လိုက်သည်။

ခရီးသည်တင်ကားနှင့် ကုန်ကား ငါးစီး ယနေ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ယာဉ်မောင်းတစ်ဦး သေဆုံးပြီးနောက် ယင်းသို့ တားမြစ်သည့် ညွှန်ကြားစာ ထုတ်လိုက်ခြင်းဖြစ်သည်။

ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များကို ပြေးဆွဲနေသည့် ခရီးသည်တင် ကားလိုင်းများနှင့် ကုန်ကားများ၊ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်ဟုဆိုကာ သရက်ချောင်းမြို့နယ်နှင့် ပလောက်မြို့နယ် ကို ည ၇ နာရီမှ နံနက် ၄ နာရီအတွင်း မသွားလာကြရေး သက်ဆိုင်ရာဌာနများက အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန် အဆိုပါဌာနက ညွှန်ကြားထားသည်။

ယနေ့ နံနက် ၄ နာရီခန့်တွင် မြိတ်ဘက်မှ ထားဝယ်ဘက်ကို မောင်းနင်လာသည့် ခရီးသည်တင်ကား လေးစီးနှင့် ကုန်ကားတစ်စီး သရက်ချောင်းမြိုနယ် ပြင်းဖြူကြီးကျေးရွာအုပ်စု ပိတိုင်ရွာတွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကုန်ကားမောင်းသူအမျိုးသားမှာ ဆေးရုံအရောက်တွင် သေဆုံးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသည်တင်ယာဉ် လေးစီးမှ ခရီးသည် သုံးဦးမှာလည်း သေနတ် ဒဏ်ရာရရှိပြီး ဒဏ်ရာမှာ စိုးရိမ်ရသည့်အခြေအနေ မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ခရီးသည်များနှင့် ကားလိုင်းများ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သရက်ချောင်းနှင့် ပလောက်ကို ည ၇ နာရီနောက်ပိုင်း မသွားရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း အထက်ပါဌာနက ဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ပိတိုင်ရွာတွင် ကင်းပုန်းဝပ်နေသည့် စစ်တပ်က လုပ်ဆောင်ခဲ့သည်ဟု ဒေသခံအချို့က ပြောဆိုနေကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပါ။

မြိတ်-ထားဝယ် လမ်းလမ်းနံဘေးနေထိုင်သူ ဒေသခံအမျိုးသားတစ်ဦးကမူ မနက် ၄ နာရီခန့်တွင် သေနတ်သံအချက် ၂၀ ကျော်ကြားရကြောင်း ပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်နှင့် ရဲကားအချို့ရောက်လာပြီး အခင်းဖြစ်ပွားရာအနီးနေထိုင်သူ ဒေသခံများ၏ နေအိမ်ကို စစ်တပ်က ဝင်ရောက်ရှာဖွေကာ ဒေသခံများကိုလည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိကြောင်း အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။

သရက်ချောင်းမြို့နယ်တွင် ညမထွက်ရအမိန့်ကို ည ၆နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားသည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောသည်။