ရေဖြူရွာတွင် ဆိုင်ကယ်အမြောက်အများ အသိမ်းခံရပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

0
209

ထားဝယ်ခရိုင်၊ ရေဖြူကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၁၁ ရက် ညက ဆိုင်ကယ်အမြောက်များ သိမ်းဆည်း ခံရပြီး ယနေ့ (ဒီဇင်ဘာ ၁၂) နံနက်တွင် ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းသဖြင့် ပြန်သွားရွေးနေကြကြောင်း ဒေသခံအချို့က ပြော သည်။

ရေဖြူကျေးရွာအုပ်စု ရေဖြူဈေးအနီးက ဒေသခံများ၊ ‌ပိန္နဲတော၊ ကဒက်ငယ်ထိန်ကျေးရွာ ဒေသခံတို့ထံမှာ ဆိုင်ကယ် အမြောက်အများ သိမ်းဆည်းခံရခြင်းဖြစ်ကြောင်း အဆိုပါ ကျေးရွာများမှ ဒေသခံများထံမှ သိရသည်။

အထက်ပါ ကျေးရွာများသို့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးချိန်၌ ဆိုင်ကယ်များကို သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက် ဂေါ့အင်းစာသင်းကျောင်း တပ်စွဲထားတဲ့နေရာမှာ သွားရွေးနေကြတယ်။ တစ်စီးကို ဘယ်လောက် ဆိုပြီး မဟုတ်ဘူး။ သူတို့နဲ့ ညှိလို့အဆင်ပြေရင် နှစ်စီး၊ သုံးစီးကို တစ်သိန်းနဲ့ ရတာလည်းရှိတယ်” ဟု ရေဖြူ ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

သိမ်းသွားသည့် အချိန်ကတည်းကပင် ဂေါ့အင်းစာသင်ကျောင်းတွင် လာရွေးရန် ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ညတွင် အမျိုးသားနှစ်ဦးလည်း အဖမ်းခံခဲ့ရပြီး မနက်ပိုင်းတွင် ပြန်လွတ်လာကြောင်း ဒေသခံတစ်ဦး က ပြောသည်။

ကဒက်ငယ်ထိန်‌ကျေးရွာက အမျိုးသမီးငယ်တစ်ဦးမှာလည်း ညကစစ်ဆေးခံရစဉ် ဆံပင်ကို ကပ်ကြေးဖြင့် ညှပ်ဖြတ်ခံခဲ့ရသည်ဟု ယင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။