ကျွန်းစု ရေကန်တောင် NLD ရပ်ကျေးဥက္ကဋ္ဌ အပါအဝင် မိသားစုဝင် ငါးဦး အဖမ်းခံရ

0
530

ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာနေ NLD ရပ်ကျေးဥက္ကဋ္ဌနှင့် မိသားစုဝင် ငါးဦး ဖမ်းဆီးခံရကြောင်း ကာယကံရှင်၏ အသိုင်းအဝိုင်းနှင့် ဒေသခံများထံမှသိရသည်။

ရေကန်တောင်ရပ်ကျေးဥက္ကဋ္ဌ ဒေါ်ခင်နီဝင်း (ခ) မနီ အပါအဝင် မိသားစု လေးဦးအား စစ်တပ်နှင့် ရဲများက ဒီဇင်ဘာ ၃ ရက်နေ့ ည ၉ နာရီကျော်တွင် မြိတ်မြို့ရှိ ရွှေပြည်တန်ရပ်ကွက်တွင် လာရောက် ဖမ်းဆီးသွား ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

ဒေါ်ခင်နီဝင်းနှင့်အတူ ၎င်း၏ ခင်ပွန်း၊ သမီးနှင့် သားဖြစ်သူတို့ ဖမ်းဆီးခံရကြောင်း ကာယကံရှင် မိသားစု အသိုင်းအဝိုင်းထံမှ သိရသည်။ ဒေါ်ခင်နီဝင်း ခင်ပွန်း၏ ညီလည်းဖြစ်သူ ဦးမောင်နိုင်ကိုလည်း ယင်းနေ့၌ပင် ရေကန်တောင်ရွာတွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ရွာသားများ ထံမှသိရသည်။

“လာဖမ်းတာက စစ်သားနဲ့ ရဲ နှစ်ဆယ်နီးပါးရှိတယ်။ အိမ်မှာ သူ့သမီးနဲ့ မြေး နို့စို့ခလေးပဲ ကျန်ခဲ့တယ်” ဟု ရွှေပြည်တန်ရပ်ကွက်သားတစ်ဦးက ဆိုသည်။

ဒေါ်ခင်နီဝင်းသည် ပြီးခဲ့သည့် ၂ ရက်ခန့်က ကျွန်းစုမြို့နယ်သို့ ၎င်း၏ လုပ်ငန်း သက်တမ်းတိုးရန် လာခဲ့ခြင်း ဖြစ်ပြီး မြိတ်ရှိ သူမနေအိမ်၌ ရှိနေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစု အသိုင်းအဝိုင်းထံမှ သိရသည်။

“PDF တွေကို စပိဘုတ်ဝယ်ပေးတယ်ဆိုပြီး (ဒလန်) အဲဒီအုပ်စုက ချောက်တွန်းတာ။ စပိဘုတ်က သေးသေးလေး လုပ်ငန်းသုံးဖို့ မှာထားတုန်း ရှိသေးတယ်” ဟု အဆိုပါရွာသားက ပြောသည်။

လက်ရှိအချိန်တွင် ဒေါ်ခင်နီဝင်း အပါအဝင် သူမ၏ခင်ပွန်း၊ သမီးနှင့် သားတစ်ဦးတို့ကို မည်သည့် နေရာတွင် ဖမ်းဆီးစစ်ဆေးနေသည်ကို မသိရှိရသေးဟု ၎င်း၏ဆွေမျိုး တော်စပ်သူများက ပြောသည်။

ဒေါ်ခင်နီဝင်းသည် ရေကန်တောင်ရွာတွင် ဂျင်း (ဂုံးကောင်) မွှေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး လူချစ်လူခင်များသည့် ရပ်ကျေးဥက္ကဋ္ဌတစ်ဦးဖြစ်ကြောင်း ရွာသားအချို့က ဆိုသည်။