ပြည်သူ့စစ်နှင့် ပုလော PDF ပစ်ခတ်မှုဖြစ်

0
337

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် ပျူစောထီးဟု ခေါ်သည့် ပဝတ်ကုန်းပြည်သူ့စစ်အဖွဲ့ဝင် စစ်မှုထမ်းဟောင်း ဦးထွန်းထွန်း၏ နေအိမ်သို့ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လာဝိုင်းစဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ကပြောသည်။

နေအိမ်သို့ ဝိုင်းနေချိန်တွင် နေအိမ်အတွင်းမှ ဦးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက် ပျူစောထီးအဖွဲ့မှ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများကဆိုသည်။

“ဦးထွန်းထွန်းအိမ်ထဲမှာလည်း လူလေးငါးခြောက်ယောက်လောက် ရှိမယ်ထင်တယ်။ မိနစ်သုံးဆယ်လောက်ရှိတယ် အပြန်အလှန်ပစ်ကြတာ”ဟု ပဝတ်ကုန်းရွာသား တစ်ဉီးကပြောသည်။

ယင်းနောက် အခြားရွာသားတစ်ဦးဖြစ်သူ ဦးပေသီး ဆိုသူ၏ နေအိမ်ကိုလည်း ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားဝိုင်းခဲ့ပြီး ၎င်းမှာလည်း ထွက်ပြေးသွားခဲ့ကြောင်း ရွာသားများက ဆိုသည်။

ယင်းပစ်ခတ်မှုများကြောင့် နှစ်ဖက် အပြန်အလှန် ထိခိုက်မှုများကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။