တနင်္သာရီတိုင်းတွင် အချိန်အခါမဟုတ် မိုးရွာမည်

0
271

တနင်္သာရီတိုင်းတွင် အချိန်အခါမဟုတ် မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံက ထုတ်ပြန်ကြေညာထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ တိုက်ခတ်လာသော လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားများရပ်ဝန်းမှ သွယ်တန်းထိုးဆင်းလာသော လေအေးများ တွေ့ဆုံမှုကြောင့် နိုဝင်ဘာလ ၂၃ ရက်မှ ၂၇ ရက်နေ့အတွင်း တိုင်းအတွင်း နေရကွက်ကျားမှ နေရာကျဲကျဲတွင် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တနင်္သာရီတိုင်းအပါအဝင် နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ကချင်၊ ရှမ်း၊ ကယားပြည် စသည့် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ကြေညာထားသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေသည်ဟု အထက်ပါဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်အရ လာမည့် ဒီဇင်ဘာလတွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လာနီညာဖြစ်စဉ် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်လာနိုင်ခြင်း၊ အရှေ့မြောက် မုတ်သုန်လေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်က ဆိုသည်။