မွန်တွင် ရော်ဘာဈေး ပြန်ကျ

0
746

ရော်ဘာရာသီအစက ရော်ဘာ‌ဈေးကောင်း ရရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း မွန်ပြည်နယ်တွင် ရော်ဘာ‌ဈေးနှုန်း တဖြည်းဖြည်း ပြန်ကျလာသည်ဟု ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။

ရော်ဘာရာသီအစက ရော်ဘာပြားအပါးဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ RSS-1 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ အထက်ဈေးရှိခဲ့ပြီး လက်ရှိတွင် RSS-1 တစ်ပေါင်လျှင် ကျပ် ၉၀၀ နှင့် ၁၀၀၀ ကြားတွင် ပေါက်ဈေးရှိနေသည်ဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ထိုအတူ တစ်နေ့လှမ်းဟုခေါ်သည့် အထူရော်ဘာ ပေါက်ဈေးလည်း တစ်ပေါင်လျှင် ကျပ် ၈၀၀ နှင့် ၉၀၀ အကြား ဈေးရရှိခဲ့ရာမှ လက်ရှိတွင် တစ်ပေါင် ကျပ် ၇၀၀ နှင့် ၇၅၀ ကြား ကျသွားသည်ဟုလည်း ရော်ဘာ လုပ်ငန်းရှင်တို့က ပြောသည်။

“ရော်ဘာဈေးက အခု နည်းနည်းပြန်ကျသွားတဲ့ အနေအထားရှိတယ်၊ အဖွင့်စကလောက် ဈေးမကောင်းတော့ဘူး ဒါပေမယ့် ဒီဈေးလောက် ရနေရင်လည်း မဆိုးဘူး” ဟု မုဒုံမြို့နယ်မှ ရော်ဘာအဝယ်ဒိုင်တစ်ဦးက ပြောသည်။

ယမန်နှစ်က ရော်ဘာရာသီအစတွင် ရော်ဘာ ဈေးနှုန်းသည် တစ်ပေါင်လျှင် ကျပ် ၅၀၀ အောက် အထိ ကျခဲ့သည်ဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ရော်ဘာဈေးသည် ၂၀၁၁ ခုနှစ်ခန့်က တစ်ပေါင် ၁၈၀၀ ကျပ်အထိ အမြင့်ဆုံးဈေးတက်ခဲ့ပြီးနောက် ဆက်တိုက်ကျဆင်းလာခဲ့ရာ တစ်ပေါင်လျှင် ၅၀၀ ကျပ်အောက်အထိ ဈေးကျသွားခဲ့ရာမှ ယခုနှစ်တွင် ရော်ဘာဈေး ပြန်တက်ခဲ့ခြင်းဖြစ်သည်။

“ရော်ဘာဈေးက နေ့တိုင်းကျနေတယ် ဒါပေမယ့်လည်း ရော်ဘာ အထွက်ကောင်းနေတော့ အဆင်ပြေနေကြတယ်၊ နောက်ပိုင်း ရာသီဥတု ပူလာမယ် အစေးထွက်နှုန်း နည်းလာမယ်ဆိုရင် ဒီဈေးနဲ့တော့ တွက်ခြေမကိုက်တော့ဘူး” ဟု ရော်ဘာခြံပိုင်ရှင် ဒေါ်စန်းအေးက ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ၅ သိန်းခန့်ရှိကာ၊ ဧက ၃ သိန်းကျော် ရော်ဘာထုတ်လျက် ရှိနေသည်။

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးရာ အများဆုံး ဒေသတစ်ခုဖြစ်ပြီး အများစုသည် အသေးစား‌ ရော်ဘာစိုက်ပျိုးသူများဖြစ်ပြီး ပြည်နယ်တစ်ခုံလုံးရှိ ရော်ဘာလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစားစိုက်ပျိုးသူများဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်းများအသင်းမှ သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့် ရော်ဘာများသည် ကုန်ချောထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာ များနှင့်ရင်းနှီးမြုပ်နှံမှုမရှိသည့်အတွက် ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရဆဲဖြစ်သည်။

ထိုသို့တင်ပို့ရာတွင်လည်း အရည်အသွေးနိမ့်ကျမှု ကြောင့် ဈေးကောင်းမရရှိသည့်အနေအထားရှိနေ သည်ဟုလည်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်းများ အသင်းမှ သိရသည်။