ကျိုက်ထိုလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင် အချို့ ဖမ်းဆီးခံရ

0
183

မွန်ပြည်နယ် ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌအပါအဝင် အသင်းဝင်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးသီဟနှင့် အသင်းဝင်လေးဦးတို့ နိုဝင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

၎င်းပြင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကို ဆက်သွယ်ပြီး ကူညီထောက်ပံ့မှုများ လုပ်ဆောင်နေသည်ဆိုသည့်စွပ်စွဲချက်နှင့် နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ဒေသခံလူငယ် ၇ ဦးထက်မနည်း ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခဲ့သည် ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

“ဖမ်းဆီးခံရမှုတွေက ဒီရက်ပိုင်းမှာ နေ့တိုင်းလိုလို ရှိလာတယ်၊ ကယ်ဆယ်ရေးအဖွဲ့က လူတွေလည်း ပါတယ်၊ ဘာကြောင်းဖမ်းလဲတော့ မသိဘူး၊ ပြီးတော့ စစ်ဆေးမှုတွေကလည်း ပိုပြီးတော့ တင်းကြပ် လာတယ်” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့တွင် ဖမ်းဆီးခံရသည့်ဖြစ်စဉ်များ ဆက်တိုက်ရှိလာခဲ့ပြီး ဖမ်းဆီးခံရသူများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နှင့် မြို့ပေါ်လုပ်ငန်းရှင်များလည်း ပါဝင်သည်။

ကျိုက်ထိုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ နိုင်ငံရေးပါတီဝင်များ ပစ်သတ်ခံရမှုများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ကားများ မိုင်းဆွဲတိုက်ခိုက်ခံရမှုများရှိလာသည့်နောက်ပိုင်း မြို့ပေါ်တွင် ရှာဖွေစစ်ဆေးမှုများ ပိုမိုတင်းကြပ်လာ သည့်အပြင် ဖမ်းဆီးမှုများလည်း ပိုမို လုပ်ဆောင်လာသည်ဟု ဒေသခံတို့ထံမှ သိရသည်။