မြိတ်ဈေးကွက်အတွင်း ကင်းမွန်စဖမ်း ဈေးအနည်းငယ်ကျ

0
637

မြိတ်ဈေးကွက်အတွင်း ကင်းမွန်များရောက်ရှိလာပြီး မူလပေါက်ဈေးထက်အနည်းငယ် ဈေးကျသွားကြောင်း ကင်းမွန်လှေ လုပ်ငန်းရှင်များထံမှသိရသည်။

ကင်းမွန်ဖမ်းရာသီမစခင်က ကင်းမွန်တစ်ဗန်းလျှင် ကျပ်တစ်သိန်းသုံးသောင်းမှ ကျပ်တစ်သိန်းလေးသောင်းထိ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်သိန်းနှစ်သောင်းသာ ရှိတော့ကြောင်း ကင်းမွန်လှေလုပ်ကိုင်သူများထံမှ သိရသည်။

“ထပ်ကျဖို့ရှိတယ်။ ဒီထက်အရများလာရင် ထပ်ပြီးကျလာဦးမယ်”ဟု ကင်းမွန်လှေလုပ်ငန်းရှင် ကိုအေးမင်း ကပြောသည်။

ဒေသခံတို့မှ လှေကြီးလှေငယ်များအသုံးပြုကာ ပင်လယ်ပြင်အတွင်းကင်းမွန်များကို ဖမ်းဆီးနေကြပြီး ရရှိနေသည့် ပမာဏမှန်းဆရန် ခက်ခဲကြောင်း ကင်းမွန်လှေရှင်များ ကမှတ်ချက်ပေးသည်။

ကင်းမွန်များကို လက်ရှိအချိန်တွင် ကုမ္ပဏီအချို့နှင့် အဝယ်ဒိုင်များမှ ဝယ်ယူနေကြပြီး မြိတ်စက်မှုဇုံရှိ တရုတ်အဝယ်ဒိုင်များမှလည်း ဝယ်ယူရန်ပြင်ဆင်နေကြပြီဖြစ်ကြောင်း လှေရှင်များ ထံမှသိရသည်။

“တရုတ်တွေက မရောက်ကြသေးဘူး။ ဒါပေမယ့် တရုတ်ဒိုင်အချို့ကတော့ ပြင်ဆင်နေကြပြီ'”ဟု ကိုအေးမင်းက ပြောပြသည်။

မြိတ်စက်မှုဇုံအတွင်း တရုတ်နိုင်ငံသားများလုပ်ကိုင်နေသည့် ကင်းမွန်အဝယ်ဒိုင် တစ်ဆယ်ကျော်ရှိပြီး ပြုပ်ခြောက်ပြုလုပ်ကာ တရုတ်ပြည်သို့ ကုန်းလမ်းမှတစ်ဆင့် တင်ပို့လျက်ရှိသည်။

တရုတ်ပြည်နှင့် ထိုင်းနိုင်ငံတို့တွင် ကိုဗစ်ပိုးကူးစက်မှု မြင့်မားသည့်အချိန်က ကင်းမွန်ဈေးများ ထိုးကျပြီး ကီလိုနှစ်ဆယ်ပါ တစ်ဗန်းလျှင်အနည်းဆုံး လေးသောင်းအထိ ထိုးကျခဲ့ကြောင်း လှေရှင်များထံမှသိရသည်။

ကင်းမွန်များကို ပင်လယ်ပြင်အတွင်း လျှပ်စစ်မီးသုံးကာ ဖမ်းဆီးကြပြီး သတင်းကျွတ်ပြီးချိန်မှ သင်္ကြန်ကျပြီးမိုးဦးကျ အချိန်အထိ ဖမ်းဆီးကြသည်။