တနင်္သာရီတိုင်းတွင် အိမ်ရှိလူစာရင်းကပ်ရန် ညွှန်ကြား

0
565

နေအိမ်အရှေ့တွင် လူစာရင်းကပ်ထားရန် ထားဝယ်ခရိုင်အပြင် တိုင်းအတွင်းရှိ ခရိုင်အားလုံးကို ညွှန်ကြားထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အိမ်တွင်နေထိုင်သည့် လူအရေအတွက်အား သိနိုင်ရန် ယင်းကဲ့သို့ညွှန်ကြားထားပြီး လက်ရှိတွင် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

“အိမ်ထောင်စုစာရင်းကို သိအောင်ပေါ့။ အိမ်(မှာရှိတဲ့လူစာရင်း)ကလူတွေကို သိရှိအောင်ပေါ့” ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် လူစာရင်းကပ်ထားရန် ပြောဆိုနေသော်လည်း အချို့ရပ်ကွက်များတွင်မူ လာရောက်ပြောဆိုခြင်းမရှိသေးပေ။

မြို့ပေါ်ရှိ အိုးလုပ်ရပ်ကွက်နှင့် ဆန်းချီရပ်ကွက် အပါအဝင် ရပ်ကွက်အချို့တွင် ပြီးခဲ့သည့်အပတ်မှစကာ ယင်းကဲ့သို့ ညွှန်ကြားထားကြောင်း ဒေသခံအချို့က ဆိုသည်။

အိုးလုပ်ရပ်ကွက်တွင် လူဦးရေစာရင်းကပ်ထားရန် ရပ်ကွက်အုပ်ချုပ်ရေးမှတစ်ဆင့် လာရောက်ပြောဆိုခဲ့ကြောင်း ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။

“လာစစ်တဲ့အချိန်ဆို ဒီစာရွက်ရှိနေရမယ်ဆိုလို့ ကပ်ထားလိုက်တယ်”ဟု ၎င်းက ပြောသည်။

ဆန်းချီရပ်ကွက်တွင်လည်း ထိုသို့ကပ်ထားရန် လာရောက်ပြောဆိုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ထောင်စုစာရင်းနှင့် ကပ်ထားသည့် လူစာရင်းကို တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း ယင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

အိမ်ရှေ့တွင် ကပ်ရမည့် လူစာရင်းစာရွက်အားရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံတွင် အခငွေကြေးဖြင့် ဝယ်ယူနေရသည်ဆိုသည့် သတင်းများလည်း ပျံ့နှံ့နေသည်။

“ကြောက်တော့ ကပ်ထားလိုက်တယ်။ စာရွက်အတွက် ပိုက်ဆံတော့ မပေးရဘူး”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ ကြက်စားပြင်ရပ်ကွက်တွင်မူ ပြီးလဲ့သည့် ၃ လခန့်ကတည်းက လူဦးရေစာရင်းနှင့် နေထိုင်သူဓာတ်ပုံများကပ်ထားရန် အမိန့်ထုတ်ထားသည်။

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း လူဦးရေစာရင်းကပ်ထားရန် အမိန့်ထုတ်ထားကြောင်းသိရသည်။

မြိတ်မြို့ပေါ် ရပ်ကွက်များတွင် နိုဝင်ဘာလ ပထမအပတ်မှစပြီး အိမ်ထောင်စုစာရင်းရှိ လူဦးရေနှင့် နေအိမ်ရှိလူဦးရေ ကိုက်ညီမှုရှိ မရှိကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များက စာရင်းကောက်ယူနေကြောင်း သိရသည်။

နေအိမ်တွင် လက်ရှိနေထိုင်ကြသည့် လူဦးရေစာရင်းနှင့် အိမ်ထောင်စုစာရင်းရှိ လူဦးရေတို့ တိုက်ဆိုင်စစ်ဆေးပြီး အိမ်ထောင်စုစာရင်းပါသူများ နေအိမ်တွင်မရှိပါက အချက်အလက်အားမေးမြန်းပြီး မှတ်ယူသွားခဲ့ကြောင်း မြို့ပေါ်ရပ်ကွက်နေသူ အချို့ထံမှ သိရသည်။