ပေါင်မြို့ပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

0
264

မွန်ပြည်နယ် ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးသည် နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။

ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ၎င်း၏‌နေအိမ် ဈေးဆိုင်ရှေ့တွင် အမှိုက်ကောက်သန့်ရှင်းရေးလုပ်နေစဉ် သေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ် ပစ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ဝဲဘက်နို့အုံဒဏ်ရာရရှိကာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“သေနတ်သမားတွေက အနီးကပ်လာပစ်သွားတယ်၊ ဒဏ်ရာက ပြင်းထန်တယ်လို့ ပြောတယ်၊ လက်ရှိက မော်လမြိုင်ဆေးရုံကို ပို့ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်အောင် ပစ်ခတ်ခံရပြီးနောက် ပေါင်မြို့ပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့မှ ရှာဖွေ စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အောက်တိုဘာလကလည်း ပေါင်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) နာယကအဖွဲ့ဝင် ဦးခင်မောင်ဦးလည်း မိုးနိုင်းရပ်ကွက်တွင် ပစ်သတ်ခံထားခဲ့ရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်တွင် ပစ်သတ်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားလာသည့်အပြင် ဖုန်းတာဝါတိုင်ဖောက်ခွဲခံရမှုများအပါအဝင် ပေါက်ကွဲဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာနေသည်ဟု ဒေသခံတို့က ပြောသည်။

မြို့နယ်အတွင်းရှိ ရဲစခန်း၊ လျှပ်စစ်ရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် နေအိမ်များ၊ စစ်တပ်သတင်းပေး ဆိုသူတို့၏ နေအိမ်တို့တွင်လည်း ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။