သံဖြူဇရပ်-ရေးလမ်း ယာဉ်တိမ်းမှောက်မှု သုံးဦးသေဆုံး

0
280

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-ရေးလမ်းမ စွပ်ပလောင်ကျေးရွာလမ်းဝအကွေ့တွင် ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးသွားကြောင်း သံဖြူဇရပ်မှ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်ခန့်က သံဖြူဇရပ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် ဟိုက်ဂျက်ယာဉ်တစ်စီးသည် စွပ်ပလောင်ကျေးရွာလမ်းဝအကွေ့အရောက်တွင် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှလာသော ယာဉ်ကြီးကို တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးနှင့် ကလေးတစ်ဦးတို့က နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး နောက်ထပ်အမျိုးသမီးတစ်ဦးက ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု သံဖြူဇရပ်နာရေးကူညီမှုအသင်းထံမှ သိရသည်။

“အခင်းဖြစ်တဲ့နေရာမှာ နှစ်ဦးသေတယ်၊ နောက်တစ်ဦးကတော့ ဆေးရုံရောက်ပြီးမှ သေတယ်၊ အမျို့သမီး နှစ်ဦးနဲ့ ကလေးတစ်ဦး သုံးဦး သေသွားတယ်” ဟု သံဖြူဇရပ်နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။

၎င်းပြင် ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိပြီး လူမှုကယ်ဆယ်ရေးအသင်းတို့၏ အကူအညီဖြင့် သံဖြူဇရပ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းအနက် ဒဏ်ရာပြင်းထန်သူတစ်ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်။

တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်သည် ဘီလူးကျွန်း ရွာလွတ်ကျေးရွာမှဖြစ်ပြီး တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်သို့ မင်္ဂလာဆောင် သွားသည့်ယာဉ်ဖြစ်သည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ရေး-သံဖြူဇရပ်လမ်းမ နှစ်ကရင်လမ်းဝတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ခရီး ၇ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။