မြိတ်တွင် PDF အဖွဲ့နှင့် ပတ်သက်ဟုဆိုကာ စည်ပင်ကော်မတီဥက္ကဋ္ဌ အပါအဝင် နေအိမ်အချို့ အသိမ်းခံရ

0
190

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် ပတ်သက်သည်ဟုဆိုကာ မြိတ်မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးမြတ်ကိုကို၏ နေအိမ်အပါအဝင် နေအိမ်ချို့အား စစ်ကောင်စီက နိုဝင်ဘာလ ၈ ရက်နေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ကန်ဖျားရပ် ထုံးဖိုလမ်းရှိ ဦးမြတ်ကိုကို၏နေအိမ်နှင့် ပါရမီရပ် ပေခြောက်ဆယ်လမ်းမကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်ရှင်ဌေးနေအိမ် (ပန်းအိမ်မက် တည်းခိုရိပ်သာ) တို့အား သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

“ဒေါ်ရှင်ဌေးအိမ်မှာ စာပြားနီကပ်ထားတာ တွေ့ရတယ်” ဟု ပေ‌ခြောက်ဆယ်လမ်းနေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

‘ဤမြေနေရာနှင့် အဆောက်အဦးသည် အကြမ်းအဖက်အုပ်စု PDF အဖွဲ့အစည်းနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်သည်၊ မကျူးကျော်ရ ရောင်းဝယ်ခြင်းမပြုရ’ဟု စာသားပါ ဗီနိုင်းပြားဖြင့် နေအိမ်အရှေ့တွင် ရေးကပ်ထားသည်ကို တွေ့ရသည်။

ဦးမြတ်ကိုကိုနှင့် ဒေါ်ရှင်ဌေးတို့အပါအဝင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်ရာတွင် ဦးဆောင်ပါဝင်သူတို့နှင့် ပရဟိတအဖွဲ့ဝင်အချို့တို့အား ညအချိန်နေအိမ်တို့တွင် ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ခံရပြီး‌နောက် လက်ရှိအချိန်အထိ တိမ်းရှောင်နေကြကြောင်း သိရသည်။